မရဖူးသေးသည့် ချန်ပီယံလိဂ်ဖလားကို လိုချင်သည်ဟု အီဗရာဟီမိုဗစ် ၀န်ခံ

မရဖူးသေးသည့် ချန်ပီယံလိဂ်ဖလားကို လိုချင်သည်ဟု အီဗရာဟီမိုဗစ် ၀န်ခံ

နိုဝင်ဘာ ၂၄၊ အင်္ဂလန် ။             ။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်သည့် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်က သူ၏ကစားသမားဘဝတွင် မရရှိဖူးသေးသည့် ချန်ပီယံလိဂ်ဖလားကို ရရှိလိုကြောင်း ၀န်ခံပြောဆိုလိုက်သည်။

ဟော်လန်၊ အီတလီ၊ စပိန်နှင့်ပြင်သစ်နိုင်ငံတို့တွင် ကစားခဲ့သည့် မိုဗစ်သည် ဆုဖလားပေါင်း ၃၃ ခုအထိ ရရှိခဲ့သူ ဖြစ်သည်။ အေဂျက်ဇ်၊ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်နှင့် ပီအက်စ်ဂျီစသည့် ထိပ်သီးကလပ်များတွင် ကစားခဲ့သော်လည်း မိုဗစ်မှာ ယခုအချိန်အထိ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခြင်း မရှိသေးပေ။

“ချန်ပီယံလိဂ်ဖလားကို ရရှိတာက ခမ်းနားကြီးကျယ်တဲ့အောင်မြင်မှုပါ။ နှစ်တိုင်း ချန်ပီယံလိဂ်ဖလားရဖို့ ကျွန်တော့် ရည်မှန်းချက်ထားပါတယ်။ ကျွန်တော်ကစားခဲ့တဲ့ နေရာတိုင်းမှာ ဆုဖလားတွေ အများကြီးရခဲ့ပေမဲ့ ချန်ပီယံလိဂ်တော့ မရခဲ့ပါဘူး။ ဒါကိုလည်း လူတိုင်းသိပါတယ်။ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ရင် ကျွန်တော် ကမ္ဘာ့ထိပ်တန်းဖြစ်လာပါလိမ့်မယ်။

ဒါပေမဲ့ ကွင်းထဲမှာ မကစားဘဲ ကမ္ဘာ့ဖလားရခဲ့တဲ့ ကစားသမားတွေကို ကျွန်တော်တွေ့ဖူးပါတယ်။ သူတို့ကိုယ်သူတို့ ကမ္ဘာ့ဖလားဆုရှင်တွေလို့ ပြောကြပါတယ်။

ကျွန်တော် ဖလား ၃၃ ခု ရခဲ့ပါတယ်။ ဘယ်လို ကစားသမားမျိုးနဲ့နှိုင်းယှဉ်ပြရမလဲဗျာ။ ကလပ်အသင်းတစ်သင်းတည်းမှာ ကစားခဲ့တဲ့ ဂျရတ်ကိုပဲ ပြရမလား။ သူဘဝမှာ ချန်ပီယံလိဂ်ရခဲ့တယ်။ ဒါပေမဲ့ သူဘယ်တုန်းကမှ ပရီးမီးယားလိဂ်မရခဲ့ဘူး။ သူ့ကို မေးကြည့်လိုက်…ဘယ်ဖလားကို အလိုချင်ဆုံးလဲလို့။ ပရီးမီးယားလိဂ်လို့ပဲ ဖြေလိမ့်မယ်။ ကျွန်တော့်အတွက်လည်း ချန်ပီယံလိဂ်က နှစ်စဉ်နှစ်တိုင်း ပစ်မှတ်ပါပဲ” ဟု မိုဗစ်က ဆိုသည်။

ရည်ညွှန်း TheSun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly