တူရကီအစိုးရက ကန့်ကွက်နေသော်လည်း ဆီးရီးယားညီလာခံကိုဆက်လုပ်မည်ဟု ရုရှားအစိုးရပြောကြား

တူရကီအစိုးရက ကန့်ကွက်နေသော်လည်း ဆီးရီးယားညီလာခံကိုဆက်လုပ်မည်ဟု ရုရှားအစိုးရပြောကြား

 

ဆိုချီ၊ ရုရှား၊ နို၀င်ဘာ ၂၄ ။                ။ ဆီးရီးယားနိုင်ငံရေးလုပ်ငန်းစဉ်၌ ကာ့ဒ်တပ်ဖွဲ့များပါ၀င်နေမှုအား တူရကီအစိုးရကကန့်ကွက်နေသော်လည်း မဝေးတော့သည့်အနာဂတ်၌   ငြိမ်းချမ်းသောညီလာခံ တစ်ခုပေါ်ပေါက်လာရန် စီစဉ်နေသည့် မော်စကိုအစိုးရ၏ လုပ်ဆောင်ချက်များကို အနှောင့်အယှက်ဖြစ်စေမည်မဟုတ်ကြောင်း ရုရှားအစိုးရတာဝန်ရှိသူက ပြောခဲ့သည်။

“ကျနေ်ာတို့ရဲ့မိတ်ဖက်ဖြစ်တဲ့ တူရကီအစိုးရဟာ ၄င်းတို့ရဲ့အမျိုးသားလုံခြံုရေးကို ထိပါးနေတဲ့တပ်ဖွဲ့တွေ ဒီညီလာခံထဲမှာ ပါ၀င်လာမှုနဲ့ပက်သက်လို့ စိုးရိမ်မကင်းဖြစ်နေတာကို ကျနော်တို့နားလည်ပါတယ်” ဟု ရုရှား အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပတ်စ်ကော့ဗ်က ဆိုချီမြို့၌ သတင်းထောက်များကို ပြောခဲ့သည်။

“ဒါပေမယ့် ဒီလိုအခြေအနေတွေကြောင့် ကျနော်တို့ရဲ့လုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်မယ်လို့ မဆိုလိုပါဘူး။ ကျွမ်းကျင်ပညာရှင်တွေဟာ ညီလာခံမှာပါ၀င်လာမယ့်သူတွေစာရင်းကို စစ်ဆေးနေပြီး သဘောတူလက်ခံလာဖို့ ဆောင်ရွက်နေပါတယ်” ဟု ပတ်စ်ကော့ဗ်က ပြောခဲ့သည်။

ဆက်လက်ပြီး မဝေးတော့သည့်အနာဂတ်တွင် ညီလာခံကိုကျင်းပနိုင်တော့မည်ဖြစ်ကြောင်း သူကပြောဆိုခဲ့ သော်လည်း အသေးစိတ်အချက်အလက်များကို ဆက်လက်ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သောဗုဒ္ဓဟူးနေ့က ရုရှားသမ္မတဗလာဒီမာပူတင်သည် ဆီးရီးယား၌ဖြစ်ပွားနေသည့် ၆နှစ်ခန့်ရှိပြီဖြစ်သော ပြည်တွင်းစစ်အားအဆုံးသတ်ရန်အတွက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရန် အီရန်နှင့်တူရကီတို့မှခေါင်းဆောင် များကို ဧည့်ခံဖိတ်ကြားခဲ့သည်။

ထိုသုံးပွင့်ဆိုင်ထိပ်သည်းစည်းဝေးပွဲအရ ၄င်းတို့သည် မော်စကိုအစိုးရမှ ရပ်တည်ကာကွယ်ပေးနေသည့် ညီလာခံသည် ဆီးရီးယားမှ ဘာရှာအယ်လ်အာဆတ်အစိုးရတပ်ဖွဲ့များနှင့် ၄င်း၏အတိုက်အခံအဖွဲ့များအားလုံး ကိုစုစည်းကာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အသစ်ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ထားကြသည်။

သို့သော်လည်း တူရကီသမ္မတ ရီဆပ်တေယစ်အာဒိုဂန်သည် ကာ့ဒ်အဖွဲ့အစည်းဖြစ်သည့် PYD နှင့် ဆီးရီးယား ရှိတိုက်ပွဲများ၌ ၀င်ရောက်တိုက်ခိုက်နေသော ၄င်းတို့၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် YPG အဖွဲ့တို့ ငြိမ်းချမ်းရေး ညီလာခံ၌ ပါ၀င်လာမည့်အပေါ် ဒေါပွနေကြောင်း သိရသည်။

အာဒိုဂန်က ဆိုချီထိပ်သီးစည်းဝေးပွဲ၌ ကာ့ဒ်တပ်ဖွဲ့များကိုတိုက်ရိုက်အမည်တပ်၍ ပြောဆိုခဲ့ခြင်းမရှိသော်လည်း “လက်တွေသွေးစွန်းထားတဲ့ အကြမ်းဖက်လူမိုက်အဖွဲ့က ဒီညီလာခံထဲမှာ တရားဝင်ဆွေးနွေးသူအဖြစ် ပါ၀င်လာ မယ်လို့ ကျနော်တို့ထည့်မတွက်ထားခဲ့ပါဘူး” ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags