မြန်မာနိုင်ငံရဲ့ ဒုက္ခသုက္ခတွေကို ကျနော်တို့ မမြင်လိုဘူး

မြန်မာနိုင်ငံရဲ့ ဒုက္ခသုက္ခတွေကို ကျနော်တို့ မမြင်လိုဘူး
ဓာတ်ပုံ-EPA
 

 (စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့် အင်တာဗျူး)

စင်္ကာပူနိုင်ငံကိုရောက်ရှိနေတဲ့ မဇ္ဈိမ အယ်ဒီတာဟာ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan နဲ့ ဘင်္ဂါလီအရေး မေးမြန်းရာမှာ ဒီကိစ္စအတွက် ဘင်္ဂလားဒေရှ့်နဲ့ မြန်မာအစိုးရတို့ ထိရောက်တဲ့ ဆွေးနွေးမှုတွေ လုပ်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒုက္ခသုက္ခတွေက စင်္ကာပူနိုင်ငံအနေနဲ့ မမြင်လိုဘူးလို့လည်း ဆိုခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းမှုကို   ဖေါ်ပြပေးလိုက်ပါတယ်။

မေး-၀န်ကြီးခင်ဗျာ၊ ကျွန်တော်က မြန်မာနိုင်ငံကပါ။ မဇ္ဈိမ သတင်းအေဂျင်စီကပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ (ရိုဟင်ဂျာ) အရေးကိစ္စနဲ့ပတ်သက်လို့ အကျပ်အတည်းတစ်ခု ဖြစ်နေပါတယ်။ ကုလသမဂ္ဂမှာ ၀န်ကြီး ပြောခဲ့တဲ့ မိန့်ခွန်းကို အခြေခံပြီး ပြောရရင် အဲဒီမှာ အာဆီယံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပူးပေါင်းလုပ်သွားရမယ် ဒါမှမဟုတ် ဒီကိစ္စနဲ့ပတ်သက်လို့   ဆွေးနွေးသွားရမယ်ဆိုတာ အပါအဝင် အများကြီး ပြောသွားခဲ့ပါတယ်။ အဲဒီတော့ အဲဒီအပေါ် အခြေခံပြီး ပြောရရင် ၀န်ကြီးရဲ့ အမြင်မှာ အာဆီယံနိုင်ငံတွေအနေနဲ့ ဒီပြဿနာကို ဘယ်လိုများ အတူတကွ ဖြေရှင်းသွားလို့ ရနိုင်ပါသလဲ။

ဖြေ - ခက်ခဲတဲ့ မေးခွန်းတွေပါ။ ဒါပေမယ့်လည်း ဒီမေးခွန်းတွေက လက်ရှိ ဖြစ်ပျက်နေတာတွေနဲ့တော့ သက်ဆိုင်နေပါတယ်။ ကျွန်တော် ထင်ပါတယ်။ ပထမတစ်ခု ကျွန်တော်ပြောချင်တာက ဒီပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာအစိုးရမှာ တာဝန်ရှိတယ် ဆိုတာပါပဲ။ ကျွန်တော်တို့ အားလုံး၊ ကျွန်တော်တို့ ကိုယ်တိုင် ကျွန်တော်တို့ဘာသာ ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော် ပြောတာက အခြားသော အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအားလုံး ဖြစ်ပါတယ်။ ကျွန်တော်တို့ သမိုင်းမှာ လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်တဲ့ဘာသာ၊ နိုင်ငံသားဖြစ်မှုတို့ ပါ၀င်ပတ်သက်နေတဲ့ ဒီလိုမျိုး အရမ်းကို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ကိစ္စကို ကျွန်တော်တို့အားလုံး ကိုင်တွယ် ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ ဒါကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် နည်းလမ်းတွေနဲ့ပဲ ကိုင်တွယ်ဖြေရှင်းသွားရပါမယ်။ ဒါကတော့ ပထမအချက်ပေါ့။ ဒါက မြန်မာနိုင်ငံရဲ့ တာဝန်ဝတ္တရား ဖြစ်ပါတယ်။ ခင်ဗျားတို့ ဒါကို ဖြေရှင်းရပါမယ်။

ဒုတိယအချက်က ဘာပဲဖြစ်ဖြစ်ပေါ့ ဒီကိစ္စဟာ ရှုပ်ထွေးပြီး ကာလရှည်ကြာနေခဲ့တဲ့ ကိစ္စဖြစ်တယ်ဆိုတာ ကျွန်တော်လည်း လက်ခံပါတယ်။ ဆွေးနွေးဖို့၊ ထုတ်ပြန်ချက် ထုတ်ဖို့၊ အားလုံးအဆင်ပြေသွားပါပြီလို့ ပြောဖို့ တကယ် မလွယ်ကူလှပါဘူး။ ဒါ တကယ် ရှုပ်ထွေးပါတယ်။ တကယ်လည်း ခက်ပါတယ်။ အာဆီယံ ရှုထောင့်က ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အားလုံး မျှော်လင့်တာက အကြမ်းဖက်မှုတွေ ရပ်သွားဖို့ပါ။

သမိုင်းနဲ့ နိုင်ငံရေးပိုင်း အသေးစိတ်အချက်အလက်တွေကို ခဏအသာထားဦး၊ တကယ့်ကို ထိခိုက်နာကျင်ရမှုတွေ ရှိနေပါတယ်။ တကယ်ပဲ အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။  မြန်မာ့တပ်မတော်က ကျွန်တော့်ကို ပြခဲ့တဲ့ ဓာတ်ပုံတွေ မြင်ထားပြီးပါပြီ။ ဆရာဝန်တစ်ယောက် အနေနဲ့၊ ခွဲစိတ်ဆရာဝန် တစ်ယောက်အနေနဲ့၊ ဘယ်လိုဘယ်ကြောင့် သေဆုံးရသလဲဆိုတာ ကျွန်တော် ခင်ဗျားကို ပြောပြနိုင်ပါတယ်။ ဒါပေမယ့် အပြစ်မဲ့ လူတွေ ဘာကြောင့် သေဆုံးနေရသလဲ၊ ထိခိုက်ခံစားနေကြရတာလဲ၊ နေအိမ်စွန့်ပြေးနေကြရတာလဲ ဒါမှမဟုတ် ဒါကို ဘယ်သူတွေက လုပ်ခဲ့တာလဲ ဆိုတာကို ခင်ဗျားကို ကျွန်တော် ပြောပြလို့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေးအခြေအနေ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လူသားချင်းစာနာမှု တုန့်ပြန်မှု ပထမဦးစားပေးအချက်က ဒီအကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးပဲ ဖြစ်ပါတယ်။

ဒုတိယကတော့ နေအိမ်စွန့်ပြေးကြသူတွေ၊ ထိခိုက်ခံစားကြရသူတွေအတွက် လုပ်ဆောင်ပေးရေး ဖြစ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေကို သေချာပေါက် ထောက်ပ့ံပေးရပါမယ်။  အကူအညီလိုနေတဲ့ ထိခိုက်ခံ အသိုင်းအဝိုင်းအားလုံးဆီ အာဆီယံအနေနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ဖြန့်ဝေထောက်ပံ့တာက တကယ်ပဲ မှန်ကန်ကိုက်ညီပါတယ်။ ဒါကြောင့်လည်း ဘေးဒုက္ခဆိုး စီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ လူသားချင်းစာနာမှု အကူအညီပေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အာဆီယံစင်တာ ထူထောင်ထားရှိဖို့၊ နောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကိုရော မြန်မာနိုင်ငံတွင်းမှာ ရှိနေသူတွေရော အားလုံးသော လူ့အသိုင်းအဝိုင်းတွေက ဒုက္ခသည်တွေကို တကယ် လိုအပ်တဲ့အကူအညီတွေ ဖြန့်ဝေထောက်ပံ့ဖို့  ပြီးခဲ့တဲ့ လအနည်းငယ်လောက်မှာ ကျွန်တော်တို့ ဘာကြောင့် အထူးအလေးထားခဲ့ကြတာလဲ ဆိုတာက ခင်ဗျား တွေ့ရပါလိမ့်မယ်။

နောက်တစ်ခုက ကျွန်တော်တို့ ဘာကို မျှော်လင့်ထားသလဲ ဆိုတာပေါ့၊ ခင်ဗျားလည်းသိမှာပါ၊ ကျွန်တော် မြန်မာနိုင်ငံကနေ ဟိုတလောလေးကမှ  ပြန်ရောက်လာခဲ့တာပါ။ ကျွန်တော် အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးနဲ့လည်း တွေ့ခဲ့တယ်။  ကျွန်တော်တို့ မျှော်လင့်တာကတော့ လက်ရှိလုပ်နေတဲ့ ဆွေးနွေးမှုတွေနဲ့ သဘောတူညီချက် တစ်ချို့နဲ့အတူ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အကြား ပြေလည်မှုတွေ ရသွားနိုင်ဖို့ ဖြစ်ပါတယ်။

ဒါမှလည်း နေရပ်စွန့်ပြေးထားရသူတွေကို ကူညီပေးနိုင်မှာ ဖြစ်သလို သူတို့ သဘောဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းကင်းနဲ့ နေရပ်ပြန်လာစေနိုင်မှာ ဖြစ်ပါတယ်။ ခုဆိုရင် ဖြေရှင်းရမယ့် အသေးစိတ်အချက်တွေ အများကြီး အများကြီး ရှိနေပါတယ်။ နောက်တစ်ကြိမ် ထပ်ပြောရရင် မြန်မာနိုင်ငံအနေနဲ့ ဒါကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့အကြား ထိရောက်တဲ့ ဆွေးနွေးမှုနဲ့ သဘောတူညီချက်တွေ ရအောင် လုပ်ရမှာ ဖြစ်ပါတယ်။ အခု အရေးပေါ် လူသားချင်းစာနာမှု တုန့်ပြန်လုပ်ဆောင်မှုတွေလုပ်ရမယ့်အပြင် ရေရှည်မှာ ဒီ အရမ်းကို ခက်ခဲလှတဲ့ လူမျိုး၊ဘာသာစကား၊ ဘာသာရေးနဲ့ပတ်သက်နေတဲ့ ဒီ ကိစ္စတွေကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ ယုံကြည်တဲ့ နည်းလမ်းကတော့ မျှတပြီး သမာသမတ်ရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခု ရှိဖို့နဲ့ လူတိုင်းအတွက် တိုးတက်နိုင်မယ့် အခွင့်အလမ်းတွေ ရဖို့ပဲဖြစ်ပါတယ်။

မေး- အာဆီယံ ပြည်သူတွေနဲ့ နိုင်ငံတွေအတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွေ ဖြစ်ပေါ်လာစေဖို့ စင်ကာပူရဲ့ အနာဂတ် အစီအစဉ်က ဘာများဖြစ်မလဲ ဒါကိုလည်း သိလိုပါတယ်။

တိုးတက်မှုတွေအတွက် အဲဒီလို အဓိကကျတဲ့ အချက်တွေထဲက တစ်ခုကတော့ စီးပွားရေး တိုးတက်မှုဖြစ်ပါတယ်။ အထူးသဖြင့် အလုပ်အကိုင်တွေ၊ အခြေခံအဆောက်အအုံနဲ့ ကမ္ဘာ့စီးပွားရေး စနစ်ထဲ ၀င်ရောက်နိုင်စွမ်းရှိမှုတို့ ဖြစ်ပါတယ်။ ဒါကတော့ ရေရှည်မှာ ဖြစ်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူ့အသိုင်းအဝိုင်းအားလုံးအတွက် လုံခြံုရေး၊ စီးပွားရေးတိုးတက်မှု၊ မျှော်လင့်ချက်တွေ ထောက်ပံ့ပေးဖို့ကလည်း အရေးကြီးလှပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ အရှေ့တောင်အာရှ ဒေသအနေနဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ရန်ကို ခုခံနိုင်စွမ်း အားနည်းသွားနိုင်ပါတယ်။ အဲဒီ အစွန်းရောက်အကြမ်းဖက်သမားတွေကလည်း လူမျိုး၊ ဘာသာစကား၊ ဘာသာရေး၊ စီးပွားရေး အခွင့်အလမ်းတွေ မရရှိမှု တို့ကိုအသုံးချပြီးတော့ သူတို့လို အစွန်းရောက်သမားတွေဖြစ်အောင် စုဆောင်းသိမ်းသွင်း နေကြတာဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာဆိုရင် ဖိလစ်ပိုင်ရဲ့ မာရာဝီ မှာ ဖြစ်နေခဲ့တဲ့ ပြဿနာတွေကိုလည်း ကျွန်တော်တို့ တွေ့မြင်ထားပြီး ဖြစ်ပါတယ်။ ဖိလစ်ပိုင်အစိုးရက ဒီပြဿနာကို ဖြေရှင်းလိုက်နိုင်တဲ့အပေါ် ကျွန်တော်တို့ ၀မ်းသာရပါတယ်။ ဒါ မပြီးသေးဘူးဆိုတာ ခင်ဗျားရော ကျွန်တော်ရော သိပါတယ်။ ဖိလစ်ပိုင် တောင်ပိုင်းက ပြဿနာက စပိန်တွေ အဲဒီနေရာကို ရောက်ပြီးနောက်ပိုင်း လွန်ခဲ့တဲ့ နှစ် ရ၀၀ လောက်ကတည်းက ဖြစ်နေခဲ့တာပါ။ သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံမှာလည်း ဒုက္ခသုက္ခတွေ ဖြစ်တာကို ကျွန်တော်တို့ မမြင်ချင်ကြပါဘူး။ ဒီအချိန်မှာ ISIS တွေဟာ အရှေ့အလယ်ပိုင်းမှာ သူတို့ရဲ့ နယ်မြေတွေ ၊ လွှမ်းမိုးမှုတွေ ဆုံးရှုံးနေရတဲ့အတွက် အရှေ့တောင်အာရှကို မျက်စိ ကျနေတယ်ဆိုတာကို ဘာမှ လျို့ဝှက်စရာမရှိပါဘူး။

ဒါကြောင့် ဒီလို အစွန်းရောက်အကြမ်းဖက်သမားတွေကို ပေါက်ဖွားရာ နေရာတွေ ကျွန်တော်တို့ဖန်တီးပေးလို့ မဖြစ်ပါဘူး။ သူတို့က ဘာသာရေး သမားတွေ မဟုတ်ပါဘူး။ သူတို့က နိုင်ငံရေးရည်ရွယ်ချက်အတွက် ဘာသာရေးကို ခုတုံးလုပ်နေတာပါ။ အဲဒီထောင်ချောက်ထဲ ကျွန်တော်တို့ အမိခံလို့ မဖြစ်ပါဘူး။ ဒါ ကျွန်တော် မြင်တဲ့ကိစ္စဖြစ်ပါတယ်။ ဆွေးနွေးတိုင်ပင်ဖို့ ၊ ပြောဆိုဖို့က ကျွန်တော်တို့အတွက် လွယ်ကူပါတယ်။

ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော် ကျင့်သုံးဖို့ကျတော့ ခက်ပါတယ်။ ဒါပေမယ့်လည်း အဲဒါကို ကျွန်တော်တို့ လုပ်ရပါမယ်။ နောက်ပြီး နောက်တစ်ခု ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ အာဆီယံ နိုင်ငံတွေအားလုံးက ကူညီဖို့ အသင့်ရှိနေပါတယ်။ ဒါပေမယ့်လည်း တစ်ခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ၀င်မစွက်တဲ့ အာဆီယံ မူတွေကို ထိန်းသိမ်းတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ ကူညီသွားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ပြည်တွင်းရေးကိစ္စတွေကို ဖြေရှင်းဖို့ အဓိက တာဝန်ရှိသူကတော့ သက်ဆိုင်ရာ နိုင်ငံတွေက အစိုးရတွေပါပဲ။ ပြီးတော့ အပြုသဘောဆောင်ပြီး အနုစိတ်စွာနဲ့ပဲ ကျွန်တော်တို့ ကူညီရပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly