အမေရိကန်တို့ရန်မှ ကာကွယ်ပေးရန် ပူတင်အား ဆူဒန်သမ္မတတောင်းဆို

အမေရိကန်တို့ရန်မှ ကာကွယ်ပေးရန် ပူတင်အား ဆူဒန်သမ္မတတောင်းဆို

 

ဆိုချီ၊ ရုရှား၊ နိုဝင်ဘာ ၂၄ ။           ။ လူမျိုးတုံးသတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများကြောင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးမှ အလိုရှိနေသည့် ဆူဒန်သမ္မတ အိုမာအယ်လ်ဘာရှာက သူ၏နိုင်ငံအား အမေရိကန်ပြည်ထောင်စု၏ရန်မှ အကာအကွယ်ပေးရန် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကြာသာပတေးနေ့က တောင်းဆိုခဲ့သည်။

သမ္မတတစ်ဦးအနေဖြင့် ရုရှားနိုင်ငံသို့ ပထမဦးဆုံးအကြိမ်ရောက်ရှိလာခဲ့သော ဘာရှာက ရုရှားအစိုးရနှင့် စစ်ရေးအရအပြန်အလှန်ဆက်ဆံမှုများကို ပိုမိုမြှင့်တင်လိုကြောင်းပြောဆိုခဲ့ပြီး ဆီးရီးယား၌လုပ်ဆောင်နေသော မော်စကိုအစိုးရ၏ စစ်ရေးအနေအထားများကိုလည်း အမွှမ်းတင်ပြောကြားခဲ့သည်။

“ကျနော်တို့ ဒီလိုမျိုးလာရောက်လည်ပတ်နိုင်ဖို့ အိပ်မက်မက်ခဲ့ရတာပါ” ဟု ဆူဒန်သမ္မတကြီးက ဆိုချီမြို့ရှိ Black Sea အပန်းဖြေနေရာ၌ ပူတင်နှင့်တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့သည်။

“ဆူဒန်နိုင်ငံကိုအကာကွယ်ပေးမှုအပြင် နိုင်ငံတကာအခင်းအကျင်းမှာ ရုရှားတို့ရဲ့ရပ်တည်ပေးမှုနဲ့ပက်သက်လို့ ကျနော်တို့ကျေးဇူးတင်ရပါတယ်။ ကျနော်တို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကနေ ကင်းဝေးဖို့ အကာအကွယ်လိုအပ်ပါတယ်” ဟု ဘာရှာက ပြောခဲ့သည်။

ဒါ့အပြင်ဆူဒန်ခေါင်းဆောင်ကြီးက ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့်တွေ့ဆုံဆွေးနွေးခဲ့သည့် အကြောင်းကိုလည်း အမွှမ်းတင်ပြောဆိုခဲ့သည်။

“ကျနော်တို့ဟာ လက်ရှိမှာ ကျနော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အဆင့်မြှင့်တင်ဖို့လုပ်ဆောင်နေပြီးတော့ ရုရှားတို့ဘက်မှအကူအညီပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးက သဘောတူခဲ့ပါတယ်”ဟု ဘာရှာက ပြောခဲ့သည်။

ပူတင်ကလည်း ရုရှားတို့သည် ဆူဒန်နှင့်အတူ စိုက်ပျိုးမွေးမြူရေးနှင့် စွမ်းအင်ကဏ္ဍအပါအဝင် စီးပွားရေးအရ ဆက်ဆံမှုအား ပိုမိုမြှင့်တင်သွားနိုင်ရန် ရည်မှန်းထားကြောင်း ပြောဆိုခဲ့သည်။

ဆူဒန်အစိုးရသည် အစ္စလာမ်မစ်စစ်သွေးကြွများကို ထောက်ပံ့ပေးနေသည်ဟုစွပ်စွဲကာ အမေရိကန်ပြည်ထောင် စုအနေဖြင့် လွန်ခဲ့သော ၁၉၉၇ခုနှစ်က ဆူဒန်အပေါ်ချမှတ်ထားခဲ့သော ကုန်သွယ်ရေးပိတ်ပင်မှုကို ပြန်လည် ရုတ်သိမ်းအပြီးတွင် ဆူဒန်သမ္မတက ရုရှားသို့ လာရောက်လည်ပတ်ခြင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့်ပိတ်ပင်ထားခံရသည့် နိုင်ငံများ စာရင်းမှ ဆူဒန်နိုင်ငံကို ပယ်ဖျက်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags