လာမယ့်နှစ်ဆန်းပိုင်းမှာ တည်ဆောက် ပြီးစီးမယ့် ဗဟန်းမြို့နယ်က မြက်ခင်းတု ဘောလုံးကွင်းကို MFF ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

လာမယ့်နှစ်ဆန်းပိုင်းမှာ တည်ဆောက် ပြီးစီးမယ့် ဗဟန်းမြို့နယ်က မြက်ခင်းတု ဘောလုံးကွင်းကို MFF ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး
(ဓာတ်ပုံ - MFF)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှာ တည်ဆောက်နေတဲ့ မြက်ခင်းတု ဘောလုံးကွင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ MFF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အတူ MFF စီအီးအို ဦးဘုန်းနိုင်ဇော်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ Stadium Department ဒါရိုက်တာ ဦးသန်းဝင်း၊ Media & Communication Department ဒါရိုက်တာ ဦးဇော်မင်းထိုက် တို့လိုက်ပါခဲ့ကြပြီး မြက်ခင်းတုခင်းကျင်းတဲ့ လုပ်ငန်းခွင် စနစ်ကျနမှု ရှိရေး၊ ပတ်ဝန်းကျင် လုံခြံုမှုနှင့် သန့်ရှင်းသပ်ရပ်မှု ရှိရေးဆောင်ရွက်နေမှုများကို စစ်ဆေးကြည့်ရှုခဲ့ကြပါတယ်။

အဆိုပါ ဗဟန်း မြက်ခင်းတုကွင်းမှာ ထပ်မံဖြည့်စွတ် ဆောက်လုပ်မယ့် နားနေဆောင်နှင့် ရုံးခန်းနေရာများ၊ ခြံစည်းရိုး ကာရံခြင်း၊ ပိုက်ကွန်များတပ်ဆင်ခြင်း၊ ကားပါကင်နေရာများ၊ လျှပ်စစ်မီးတပ်ဆင်ရေး အစရှိတဲ့ လိုအပ်မယ့် Facilities များ ဖြည့်ဆည်းတည်ဆောက်ခြင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားတဲ့ ဧရာဝတီဖောင်ဒေးရှင်းမှ အကုန်ကျခံ လှူဒါန်း တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

မြက်ခင်းတု ခင်းကျင်းခြင်းကိုမူ ဖီဖာမှ MFF ရဲ့ တင်ပြချက်များအတိုင်း ကူညီထောက်ပံ့ပေးထားတာဖြစ်ပါတယ်။

ဗဟန်း မြက်ခင်းတုကွင်း တည်ဆောက်ပြီးစီးပါက အမျိုးသား အမျိုးသမီး လူငယ်ပြိုင်ပွဲများ၊ အမျိုးသမီးလိဂ်ပွဲစဉ်များ အပါအဝင် ပြိုင်ပွဲအသီးသီးကို ကျင်းပပေးသွားနိုင်မှာဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းမှာ တည်ဆောက်မှုများ ပြီးစီး သွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အဖွဲ့ချုပ် ဥက္ကဋ္ဌရဲ့ ပံ့ပိုးမှုနှင့် အဖွဲ့ချုပ်ကိုယ်ပိုင်ငွေကြေး တတ်စွမ်းနိုင်သမျှ ကစားကွင်းများကို ပိုမိုကောင်းမွန်လာစေရန် ဆက်လက် ကြိုးစားဖော်ထုတ်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly