ပျောက်ဆုံးရေငုပ်သင်္ဘော နောက်ဆုံးတည်နေရာနားက မူမမှန်အသံများက ပေါက်ကွဲသံဖြစ်နေ

ပျောက်ဆုံးရေငုပ်သင်္ဘော နောက်ဆုံးတည်နေရာနားက မူမမှန်အသံများက ပေါက်ကွဲသံဖြစ်နေ

 

ဗျူနိုအေရိစ်၊ နိုဝင်ဘာ ၂၄ ။                      ။ ပျောက်ဆုံး San Juan ရေငုပ်သင်္ဘော၏ နောက်ဆုံးသိရှိထားသော နေရာအနီး ပေါ်ထွက်ခဲ့သော သမုဒ္ဒရာအတွင်းက ဖမ်းယူရရှိသည့် ပုံမှန်မဟုတ်သော အသံများသည် ပေါက်ကွဲသံနှင့် ကိုက်ညီကြောင်း အာဂျင်တီးနားရေတပ်က နိုဝင်ဘာ ၂၃ ရက််တွင် ကြေညာသည်။

“ရေငုပ်သင်္ဘောရဲ့ နောက်ဆုံး သိရှိတဲ့ တည်နေရာနားမှာ ဖြစ်ပေါ်တဲ့ တစ်မူဆန်းပြီး ပြတ်တောင်းပြင်းထန်တဲ့ အသံဟာ နျူကလီးယား ပေါက်ကွဲမှု မဟုတ်တဲ့ ပေါက်ကွဲသံမျိုးနဲ့ ကိုက်ညီပါတယ်။”ဟု ဗျူနိုအေရိစ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း ရေတပ်ပြောခွင့်ရ ကပ္ပတိန် Enrique Balbi က ပြောခဲ့သည်။

သင်္ဘောသား ၄၄ ဦး လိုက်ပါသော အဆိုပါ ရေငုပ်သင်္ဘောသည် နိုဝင်ဘာ ၁၅ ရက်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယင်းသင်္ဘောနှင့် နောက်ဆုံးအဆက်အသွယ်ရခဲ့သော နေရာနား ပုံမှန်မဟုတ်သည့် အသံများကို ဖမ်းယူရရှိကြောင်း ရေတပ်က ပြီးခဲ့သည့်ရက်အတွင်း ကြေညာခဲ့သော်လည်း ပေါက်ကွဲသံလားဆိုခြင်းကို အဖြေမပေးထားခဲ့ခြင်း ဖြစ်သည်။

ယခု သတင်းစာရှင်းလင်းပွဲတွင်မှ ပေါက်ကွဲသံနှင့် ကိုက်ညီကြောင်း ထုတ်ပြောခဲ့ခြင်းဖြစ်ပြီး ရေငုပ်သင်္ဘောပေါ်ပါ သင်္ဘောသားများ၏ အသက်ရှင်သန်ရေး မျှော်လင့်ချက်က မှိန်ဖျော့သွားရပြီလည်း ဖြစ်သည်။

အဆိုပါ သင်္ဘောသား ၄၄ဦးအား အသက်ရှင်လျက်ရှာတွေ့နိုင်ရန် ပင်လယ်သမုဒ္ဒရာ မျက်နှာပြင်နှင့် ပင်လယ်ကြမ်းပြင်အောက်တို့၌ အပူတပြင်း ရှာဖွေလျက် ရှိသော်လည်း ရေငုပ်သင်္ဘော ပျောက်ဆုံးခဲ့သည်မှာ သီတင်းတစ်ပတ်ကျော် ကြာမြင့်ပြီဖြစ်ပြီး အာဂျင်တီးနားပြည်သူများက ရေတပ်အပေါ် စိတ်ဆိုးဒေါသဖြစ်လျက် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly