ဒုက္ခသည် ပြဿနာကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်းသွားနိုင်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ထုတ်ပြန်

ဒုက္ခသည် ပြဿနာကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်းသွားနိုင်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ထုတ်ပြန်
Photo-AFP

နိုဝင်ဘာ ၂၃ ။         ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ကြံုတွေ့နေရတဲ့ တိမ်းရှောင်ဘင်္ဂါလီပြဿနာတွေကို နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းခြင်းကနေပဲ ဖြေရှင်းသွားနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးက နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများအကြား အရေးကိစ္စပေါ်ပေါက်လာပါက နှစ်နိုင်ငံချင်း ဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းရမယ်လို့  ခိုင်မာစွာ ရပ်တည်ခဲ့ကြောင်း၊ မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ယခုကဲ့သို့ နှစ်နိုင်ငံချစ်ခင်ရင်းနှီးမှုကို အခြေခံကာ နှစ်ဦးနှစ်ဘက် လက်ခံနိုင်မယ့်ရလဒ်ကို ရယူခဲ့ခြင်းဖြင့် မိမိတို့ ဆုပ်ကိုင်ထားသော ရပ်တည်ချက် အပေါ် မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးက ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့အကြား ဆွေးနွေးညှိနှိုင်းမှုတွေက ဆက်လက်လုပ်ဆောင်နေလျက်ရှိသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abul Hassan Mahmood Ali ကလည်း အာရှ-ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး ပြန်မသွားသေးဘဲ နေပြည်တော်မှာ ဆက်ရှိနေလျက်ရှိပါတယ်။

နိုဝင်ဘာ ၂၃ ရက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် အဆင့်် ဆွေးနွေးမှုများအပြီး နှစ်နိုင်ငံအကြား MoU တစ်ရပ် လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အာရှ-ဥရောပနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အစောပိုင်း မိန့်ခွန်းပြောကြားခဲ့စဉ် ထည့်သွင်းပြောကြားထားခဲ့ပါတယ်။

နှစ်ဘက်အကြား ဆွေးနွေးဖြေရှင်းရမယ့် ကိစ္စအနည်းငယ် ဆက်ရှိနေသေးကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရုံးဝန်ထမ်းတစ်ချို့က ထုတ်ဖော်ထားတယ်ဆိုသော်ငြားလည်း ယခု ကိစ္စအပေါ် အကောင်းမြင်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Mahmood Ali က ပြောထားပါတယ်။

ဒုက္ခသည် နေရပ်ပြန်ပို့ရေးအတွက် အချိန်သတ်မှတ်ချက်တစ်ရပ် ထူထောင်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က တိုက်တွန်းထားပေမယ့် မြန်မာ့ဘက်ကတော့ လက်ခံလိုခြင်း မရှိဘူးလို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSAအစွန်းရောက်အဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်တွေဟာ   ဘင်္ဂါလီမွတ်ဆလင်တွေကို   မြန်မာနိုင်ငံထဲကနေ မောင်းထုတ်ဖို့ ကြိုးပမ်းတဲ့ မျိုးနွယ်စု ရှင်းလင်းရေး ဥပမာကိစ္စတစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ယင်း စွဲချက်ကို မြန်မာတပ်မတော်က ပယ်ချငြင်းဆိုထားပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက် ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေး ကင်းစခန်း ၃၀ ကို ဘင်္ဂါလီစစ်သွေးကြွတွေဘက်က တစ်ပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့လို့သာ ယခုလို တန်ပြန်နယ်မြေရှင်းလင်းမှုတွေ လုပ်ခဲ့ရတာဖြစ်တယ်လို့ ပြောထားပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ ရခိုင်အရေးအပေါ် နိုင်ငံတကာအရေးအဖြစ် ဝေဖန်မှုတွေကိုလည်း အတိုင်ပင်ခံရုံးက တုန့်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများကိစ္စနဲ့ပတ်သက်ပြီး  အနောက်နိုင်ငံများက လည်းကောင်း၊ အိုအိုင်စီအဖွဲ့ကလည်းကောင်း၊ နိုင်ငံတကာမှာ ဖိအားပေးကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ အထွေထွေညီလာခံ တတိယကော်မတီမှာ  အဆိုမူကြမ်း ချမှတ်ခဲ့တဲ့အပြင် လုံခြုံရေးကောင်စီ သဘာပတိရဲ့ ထုတ်ပြန်ချက်ဖြင့် နိုင်ငံတကာအရေးကိစ္စအဖြစ် ကြိုးပမ်း ဆောင်ရွက်နေကြောင်း အတိုင်ပင်ခံရုံးက ထုတ်ပြန်ထား ပါတယ်။အဲဒီနောက် ဒုက္ခသည် ပြဿနာကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးပြီး ဖြေရှင်းသွားနိုင်ကြောင်း ဆက်လက်ဖေါ်ပြခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly