မြန်မာအိမ်အကူ အမျိုးသမီး သေဆုံးမှု သံသယ ဖြစ်စရာ အချက်အလက်များကို သက်ဆိုင်ရာ ထိုင်းဌာနများသို့ ပေးပို့

မြန်မာအိမ်အကူ အမျိုးသမီး သေဆုံးမှု သံသယ ဖြစ်စရာ အချက်အလက်များကို သက်ဆိုင်ရာ ထိုင်းဌာနများသို့ ပေးပို့

ချင်းမိုင်၊ နိုဝင်ဘာလ ၂၃ ။           ။ ထိုင်းနိုင်ငံတွင် မြန်မာအိမ်အကူအမျိုးသမီး တစ်ဦး သေဆုံးမှုနှင့် ပတ်သက်၍ သံသရဖြစ်စရာအချက်များ ဖော်ထုတ်ထားသော စာကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သေဆုံးသူ၏ မိသားစုများ၊ မြန်မာသံရုံးနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူများက သက်ဆိုင်ရာ ထိုင်းအစိုးရဌာနများသို့ သွား ရောက်ပေးပို့လိုက်ပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ လတ်ဘူရီခရိုင် ဘန်ပုံဒေသတွင် အသက် ၁၇ နှစ် မညိုညိုအေးသည် ထိုင်းအလုပ်ရှင်၏ နေအိမ်ခန်းတွင် ဦးခေါင်း၌ သေနတ် ဒဏ်ရာ ၂ ချက်နှင့် သေဆုံးခဲ့သည်။ ယင်းအမှုနှင့်ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်ရန်အတွက် သံသယရှိသော အချက် ၂၀ ကျော်ကို မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (DSI)၊ အမှတ် (၇) နယ်မြေ၊ ရဲစခန်းဌာနချုပ်၊ ထိုင်းနိုင်ငံ တရားမျှတရေး မှုခင်းဌာန၊ မှုခင်းဆိုင်ရာဌာနဗေဒ စစ်ဆေးရေးအဖွဲ့ စသည့် ဌာန ၅ ခုသို့ သွားရောက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“ဌာန ၅ ခုကို ပို့ခဲ့ပါတယ်။ ဒီအမှုအပေါ်မှာ သံသယရှိတဲ့ အချက် ၂၀ ကျော်ကို ထိုင်းလိုနဲ့ မြန်မာလို ရေးထားတာပါ။ ဒီဟာကို DSIဘက်ကလည်း တကယ် လိုက်လိုက်လဲလဲ ကြိုဆိုလက်ခံပါတယ်။ အကြံဉာဏ်လည်း ပေးပါတယ်။ ထို့အတူဘဲ ထိုင်းတော်ဝင် ရဲတပ်ဖွဲကလည်း ဒါကို သေချာ အကြံဉာဏ်ပေးပြီးတော့ ဆက်လက် ဆောင်ရွက်ဖို့အတွက်လည်း ပြောပါတယ်။ သူတို့ဘက်က စာကို လက်ခံရရှိကြောင်းနဲ့ စစ်ဆေးတွေ့ရှိချက်အပေါ်မှာ အကြောင်းပြန်မယ်ဆိုတဲ့အကြောင်းကို ပြန်စာပေးလိုက်ပါတယ်”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

သံသယဖြစ်ဖွယ်အချက်များထဲတွင် မညိုညိုအေး သေဆုံးသည့်နေ့တွင် မိသားစုများ သွားခွင့် မရခြင်း၊ မိသားစု မပါဘဲ အမှုကို ပိတ်သိမ်းလိုက်ခြင်း၊ အလောင်းကို ထိုင်းနယ်စပ်ရှိ မိတ်ဆွေများ နေအိမ်သို့ ပို့လိုက်ခြင်း၊ သဂြိုလ်ခွင့်ပြုမိန့် ပါမလာခြင်း၊ သေဆုံံးသူ၏ သေမှုသေခင်း မှတ်တမ်းများ မတွေ့ရခြင်း၊ မညိုညိုအေး သေဆုံးစဉ် ကျည်ဆံ ၂ ခု တွေ့ရခြင်း၊ သေသူသည် သေနပ်ထည့်သည့် ဇစ်ပါသော အိတ်အတွင်းက သေနတ်ကို ထုတ်ယူခဲ့သည်ဟု ပြောဆိုသော်လည်း ထိုအိတ်ကို စစ်ဆေးရာ မည်သူ့လက်ဗွေရာမှ မတွေ့ရခြင်း စသည့် သံသယဖြစ်စရာ အချက်ပေါင်း ၂၀ ကျော်ကို ဖော်ထုတ်ရေးသားထားသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။

အစောပိုင်းက မညိုညိုအေး သေဆုံးမှုသည် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံ သေဆုံးသည်ဟုဆိုကာ အမှုကို နယ်မြေခံ ခရိုင်ရဲတပ်ဖွဲ့က အမှု ပိတ်သိမ်းခဲ့သည်။သို့သော် သေဆုံးသူ၏ မိခင်နှင့် အစ်မဖြစ်သူတို့က အမှုမှန်ဖော်ထုတ်ပေးရန် ထိုင်းမှုခင်း တိုက်ဖျက်ရေးအထူးအဖွဲ့ (CSD)သို့ တောင်းဆိုခဲ့သဖြင့် နိုဝင်ဘာလ၂ ရက်နေ့မှ စတင်၍ မညိညိုအေးကို ဂူသွင်း သဂြိုလ်ထားသည့် အလောင်းကို ပြန်လည် ဖော်ထုတ်၍ ထိုင်းအမျိုးသားရဲဆေးရုံတွင် စစ်ဆေးပေးနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly