ဒူတာတေး၏ မူးယစ်စစ်ပွဲကို ဝေဖန်သည့် ကုလကိုယ်စားလှယ်အား မဖိတ်ခေါ်ဘဲ ထပ်မလာရန် ဖိလစ်ပိုင် ပြော

ဒူတာတေး၏ မူးယစ်စစ်ပွဲကို ဝေဖန်သည့် ကုလကိုယ်စားလှယ်အား မဖိတ်ခေါ်ဘဲ ထပ်မလာရန် ဖိလစ်ပိုင် ပြော

မနီလာ၊ နိုဝင်ဘာ ၂၃ ။           ။ ဖိလစ်ပိုင်သမ္မတ၏ မူးယစ်ဆေးဝါး နှိမ်နင်းသည့် စစ်ပွဲကို ဝေဖန်ပြောကြားသော တရားမဲ့ စီရင်ခြင်း၊ အာဏာသုံး သတ်ဖြတ်ခြင်းများဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အမျိုးသမီးအား ဖိလစ်ပိုင်သို့ မဖိတ်ခေါ်ဘဲ နောက်ထပ် မလာရောက်တော့ရန် ဖိလစ်ပိုင်သမ္မတရုံးက တိုက်တွန်းလိုက်သည်။

အလည်အပတ်ခရီးအဖြစ် ဖိလစ်ပိုင် လွတ်လပ်သော ရှေ့နေများအဖွဲ့ ခေါ်ယူမှုအရ မေလအတွင်းက ကုလကိုယ်စားလှယ် အန့်နစ်ကယ်လာမတ်သည် တရားဝင်မဟုတ်သော ခရီးစဉ်အဖြစ် ဖိလစ်ပိုင်သို့ ရောက်ရှိခဲ့သည်။ ထိုရောက်ရှိခရီးစဉ်တွင် မူးယစ်စစ်ပွဲဟု ခေါ်ဆိုသော လူပေါင်း ရ၀၀၀ ကျော်ထက်မနည်းသေဆုံးမည် ခန့်မှန်းသည့် သမ္မတ ဒူတာတေး၏ မူးယစ်ဆေးဝါး နှိမ်နင်းမှု လုပ်ငန်းစဉ်အတွင်း တရားမဲ့သတ်ဖြတ်ခြင်းများကို ဝေဖန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်ရဲ့ အကြံပေးချက်ကတော့ ဒီအမျိုးသမီးအနေနဲ့ ဖိလစ်ပိုင်ကို မဖိတ်ခေါ်ဘဲ မလာရောက်ဖို့ပါပဲ။”ဟု သမ္မတရုံး ပြောခွင့်ရှိသူ ဟာရီရို့က သတင်းစာရှင်းလင်းပွဲအတွင်း ကယ်လာမတ်နှင့် ပတ်သက်သော မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကယ်လာမတ်၏ ဖိလစ်ပိုင်သို့ ရောက်ရှိခဲ့သည့် ခရီးစဉ်ကိုလည်း “ဆိုးဝါးသော ယုံကြည်မှု ခုတုံးလုပ်မှု”အဖြစ် ၎င်းက ပြောဆိုကာ ဖိလစ်ပိုင်အစိုးရနှင့် ကုလသမဂ္ဂတို့သည် အထူးကိုယ်စားလှယ်၏ တရားဝင်ခရီးစဉ်အတွက် ဆွေးနွေးထားပြီးဖြစ်ကြောင်း၊ ထိုတရားဝင်ခရီးစဉ်အားဖြင့် တရားမဝင်မူးယစ်ဆေးဝါးပြဿနာများအပေါ် အစိုးရ၏ နှိမ်နင်းဖြိုခွင်းမှုများကို ကြားသိနိုင်မှာပဲ ဖြစ်ကြောင်း ပြောဆိုသည်။

ကယ်လာမတ်၏ မေလက ခရီးစဉ်အပေါ် သမ္မတဒူတာတေးက တု့ံပြန်ပြောဆိုမှုအဖြစ် နိုဝင်ဘာလအတွင်း ဗီယက်နမ်သို့ ရောက်ရှိစဉ် ဖိလစ်ပိုင်အလုပ်သမားများနှင့် တွေ့ဆုံပြောဆိုရာတွင် ၎င်းဆောင်ရွက်နေသော မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများ အမြစ်ရေး လုပ်ငန်းစဉ်များအပေါ် ကယ်လာမတ်က စုံစမ်းစစ်ဆေးမှုများ လုပ်လာပါက ပါးနားရိုက်ပစ်မည်ဟု ပြောဆိုသည်အထိ ဖြစ်ခဲ့သည်။

၂၀၁၆ ဇွန်လက စကာ သမ္မတ ဖြစ်လာခဲ့သည့် ဒူတာတေးသည် ရာထူးရပြီးချင်း မူးယစ်စစ်ပွဲအား ဆင်နွှဲခဲ့သူဖြစ်ပြီး ၎င်း၏ လုပ်ငန်းစဉ်နှင့် ပတ်သက်ကာ နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများအား ခပ်ကြမ်းကြမ်း စကားလုံးများဖြင့် တု့ံပြန်လေ့ရှိသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly