ဒေသဖွံ့ဖြိုးရေးနဲ့ လယ်ယာမြေကိစ္စတွေ ဦးစားပေးလုပ်ဖို့ အမတ်များကို ဦးဝင်းမြင့် တိုက်တွန်း

ဒေသဖွံ့ဖြိုးရေးနဲ့ လယ်ယာမြေကိစ္စတွေ ဦးစားပေးလုပ်ဖို့ အမတ်များကို ဦးဝင်းမြင့် တိုက်တွန်း
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ လွှတ်တော်ရပ်နားချိန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လယ်ယာမြေကိစ္စများကို ဦးစားပေးလုပ်ဆောင်ကြရန် လွှတ်တော်အမတ်များကို ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တိုက်တွန်းလိုက်သည်။

“အစည်းအဝေးရပ်နားစဉ် ကာလအတွင်းမှာ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တဲ့၊ ပြည်သူကို ဗဟိုပြုတဲ့ ပြည်သူကို အကျိုးပြုတဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ လယ်ယာမြေနဲ့ အခြားမြေများ ပြန်လည်စိစစ်ရေး စတဲ့ လုပ်ငန်းတွေကို လွှတ်တော်ကိုယ်စားလှယ်များအနေနဲ ဦးစားပေး ဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားလိုပါတယ်” ဟု ဦးဝင်းမြင့်က ပြောသည်။

လက်ရှိကျင်းပနေသည့် ဒုတိယအကြိမ် ဆဌမပုံမှန် လွှတ်တော်အစည်းအဝေးများသည် မနက်ဖြန် နိုဝင်ဘာ ၂၄တွင် ရပ်နားတော့မည်ဖြစ်ရာ သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးသို့ ပြန်ကြတော့မည့် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားစဉ် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“မဲဆန္ဒရှင် ပြည်သူတို့ထံ ပြန်လည်ရောက်ရှိတဲ့အခါမှာ ပြည်သူအကြားကို ထဲထဲဝင်ဝင် သွားရောက်ကြပြီး ပြည်သူတို့အသံနဲ့ ပြည်သူ့ဆန္ဒတွေ၊ ပြည်သူ့သဘောထားတွေကို အလေးအနက်ထား မှတ်သား နားထောင်ပေးကြပါ။ ပြည်သူလူထု အားကိုးယုံကြည်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ပေးကြပါ။ ပြည်သူ့ ဆန္ဒသဘောထားတွေကို အကောင်အထည်ဖော်နိုင်အောင် စိတ်ကေင်းစေတနာမှန်နဲ့ ကြိုးစား ဆောင်ရွက်ပေးကြပါ” ဟုလည်း ဦးဝင်းမြင့်က မှာကြားခဲ့သည်။

ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ပျက်ပြားစေသည့် အန္တရာယ်များကိုလည်း မျက်ခြေမပြတ် သတိချပ်ကြရန် လွှတ်တော်အမတ်များကို ဦးဝင်းမြင့်က သတိပေးခဲ့သေးသည်။

NLD အမတ် အများစုနေရာရထားသည့် လွှတ်တော်သက်တမ်းသည် ၂နှစ်နီးပါး ရှိလာပြီဖြစ်ပြီး “ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်တဲ့ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်များ မှန်ကန်စွာ လည်ပတ်နိုင်ဖို့နဲ့ အပြန်အလှန် ထိန်းညှိနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်များရဲ့ စွမ်းဆောင်ရည်ရှိမှုအပေါ်မှာ မူတည်နေပါတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

အောက်တိုဘာ ၁၇ရက်က စတင်ကျင်းပသည့် ဆဌမပုံမှန် ပြည်သူ့လွှတ်တော်အစည်းအဝေးကာလအတွင်း ကြယ်ပွင့်ပြု မေးခွန်း ၈၈ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြမေးခွန်း ၂၀၈ခု မေးမြန်းခြင်းများ ဆောင်ရွက်နိုင်ခဲ့သလို အဆို ၈ခု တင်သွင်းရာတွင် အတည်ပြုအဆို ၄ခု၊ မှတ်တမ်းတင်အဆို ၃ခုနှင့် ဆက်လက်ဆွေးနွေးရန်ကျန် အဆို ၁ခုတို့ ဖြစ်ကြသည်။

ထို့ပြင် ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၂၃ခုရှိပြီး ဥပဒေကြမ်း ရခုကို အတည်ပြုနိုင်ခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly