ဂျော့ဆိုးရော့စ်ထံ အလုပ်လုပ်ဖူးသူဟုဆိုကာ NLD အစိုးရ ဝန်ကြီးသစ်ကို ဦးစိုးသိမ်း ကန့်ကွက်

ဂျော့ဆိုးရော့စ်ထံ အလုပ်လုပ်ဖူးသူဟုဆိုကာ NLD အစိုးရ ဝန်ကြီးသစ်ကို ဦးစိုးသိမ်း ကန့်ကွက်

နေပြည်တော်(နိုဝင်ဘာ ၂၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ NLD အစိုးရက ဝန်ကြီးအဖြစ်ခန့်အပ်ရန် အဆိုပြုထားသူ ဦးသောင်းထွန်းသည် အမေရိကန် အခြေစိုက် Open Society Institute (OSI) ကို ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros ၏ လက်အောက်တွင် အလုပ်လုပ်ဖူးသူဖြစ်သည်ဟုဆိုကာ ကန့်ကွက်ရန် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းက ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြိုးပမ်းခဲ့သည်။

ဦးသောင်းထွန်းအား တိုးချဲ့ဖွဲ့စည်းမည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် သမ္မတ ဦးထင်ကျော်က လွှတ်တော်သို့ တင်ပြထားမှုအပေါ် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုသားလွှတ်တော်အမတ်လည်းဖြစ်သူ ဦးစိုးသိမ်းက ကန့်ကွက်ကြောင်းအဆို တင်သွင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

သို့သော် ဦးသောင်းထွန်းတွင် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း ခိုင်လုံသည့် အထောက်အထားများ တင်ပြနိုင်ခြင်း မရှိသည့်အတွက် ဦးစိုးသိမ်း၏ ကန့်ကွက်ကြောင်းအဆို တင်သွင်းရန် ကြိုးပမ်းမှုမှာ အထမမြောက်ခဲ့ပေ။

ခိုင်လုံသည့် အထောက်အထားများကို လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက တောင်းခံရာတွင် “အမေရိကားက ဂျော့ဖ်ဆိုးရော့စ်ရုံးကို တောင်းထားတာ ဖြစ်တဲ့အတွက်ကြောင့် အချိန်မီ တင်ပြနိုင်ခြင်းမရှိပါ” ဟု ဦးစိုးသိမ်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပြဌာန်းချက်အရ မိမိကန့်ကွက်လိုသော ပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ထားသော အရည်အချင်းများနှင့်မပြည့်စုံကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများကို ပူးတွဲတင်ပြရမည်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

ထိုသို့ ခိုင်လုံသည့် သက်သေ အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်အတွက် ဦးသောင်းထွန်းအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာခဲ့သည်။

ဦးစိုးသိမ်းကမူ “ဒီလူ(ဦးသောင်းထွန်း)ဟာ အမေရိကန်က ဂျူးသူဌေးကြီး ဂျော့ဆိုးရော့စ်အောက်မှာ လုပ်ခဲ့တယ်” ဟု လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောဆိုခဲ့သည်။

ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဌာန်းချက်များနှင့် ငြိစွန်းခြင်းမရှိသူကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂(က)တွင် ဖော်ပြထားသည်။

“၁၂၁(ဆ)မှာ ပါတယ်။ နို်င်ငံခြားက အဖွဲ့အစည်းက လစာယူထားရင် (အရည်အချင်း)မကိုက်ညီဘူး။ မယူထားဘူးဆို မယူထားဘူး ပြောပေါ့” ဟု ဦးစိုးသိမ်းက ဆိုသည်။

အဆိုပါ အခြေခံဥပဒေပုဒ်မ ၁၂၁(ဆ)တွင်မူ “နို်င်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အဦ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ အထောက်အပံ့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ” ဟူ၍ ပါရှိသည်။

“ကျွန်တော်က အရင်အစိုးရထဲမှာ လုပ်လာတာကိုး။ ဦးသောင်းထွန်းနဲ့ အရင်အစိုးရနဲ့ ဂျော့ဆိုးရော့စ်နဲ့ ပတ်သက်တာ ကျွန်တော်က အသိဆုံးပေါ့” ဟု ဦးစိုးသိမ်းက ပြောသည်။

သို့သော် ထိုကိစ္စနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုခြင်း ရယူနိုင်ခြင်း မရှိပေ။

ဦးစိုးသိမ်းကမူ “သူ့(ဂျော့ဆိုးရော့စ်)အောက်မှာ လုပ်ခဲ့တယ်ဆိုတာ သူ(ဦးသောင်းထွန်း)ဖော်ပြရမယ်လေ။ ရိုးသားရင် ဖော်ပြလေ။ မရိုးသားလို့ မဖော်ပြတာလို့ ကျွန်တော်က ယူဆတာလေ။ ဂျော့ဆိုးရော့စ်က အမေရိကားမှာ ပေါက်ရောက်တဲ့ လူဖြစ်တဲ့အတွက်ကြောင့် တစ်ချိန်မှာ နိုင်ငံတော်လုံခြံုရေးနဲ့သော်လည်းကောင်း၊ သူခန့်ထားတဲ့သူဆိုတော့ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့သော်လည်းကောင်း ထိခိုက်နိုင်တယ်လေ။ ဒါကြောင့် ကျွန်တော်က စေတနာနဲ့ ။ ဦးသောင်းထွန်းနဲ့ ကျွန်တော်က ခင်တယ်။ ဒါပေမယ့် တိုင်းပြည်အတွက်မို့လို့ ကျွန်တော်က ပြောတာ” ဟုလည်း မီဒီယာများကို ပြောကြားသည်။

ဘီလျံနာ သူဋ္ဌေးကြီး ဂျော့ဆိုးရော့စ်သည် Open Society Institue (OSI) ကို လွန်ခဲ့သော နှစ်ပေါင်း သုံးဆယ်ကျော်က တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း ခုနှစ်ဆယ်ကျော်၏ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများကို ကူညီပေးနေသူလည်း ဖြစ်သည်။ ၂၀၁၂ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် ထိုစဉ် သမ္မတ ဦးသိန်းစိန်နှင့်လည်း ဂျော့ဆိုးရော့စ်က တွေ့ဆုံခဲ့သေးသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးအဖွဲ့ရုံး၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်းအား လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးကျော်တင်အား လည်းကောင်း အသီးသီး ခန့်အပ်တာဝန်ပေးအပ်ရန် သမ္မတဦးထင်ကျော်က တင်ပြလာသည့်အတိုင်း အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly