ခံတွင်းခြောက်ခြင်း

ခံတွင်းခြောက်ခြင်း

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

 

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dry Mouth (ခံတွင်းခြောက်ခြင်း) ကဘာလဲ။

Xerostomia လို့ခေါ်တဲ့ခံတွင်းခြောက်ခြင်းဟာ တံတွေးအထွက်နည်းခြင်းကြောင့်ဖြစ်ရတာပါ။ ဒါဟာရောဂါတစ်ခုတော့မဟုတ်ပေမယ့် ကျန်းမာရေးအခြေအနေတစ်ခုခုရဲ့ လက္ခဏာ တစ်ရပ်ဖြစ်နိုင်သလို antihistamines၊ နှာပိတ်သက်သာဆေး၊ အကိုက်အခဲပျောက်ဆေး၊ဆီးဆေး နဲ့အခြားသောဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။
တံတွေးဟာ သွားတွေမပျက်စီးအောင်နဲ့ ပါးစပ်ထဲမှာရှိတဲ့ နူးညံ့တဲ့တစ်သျှူးတွေ၊ မာကျောတဲ့တစ်သျှူးတွေ စတာတွေကို ကျန်းမာနေစေဖို့ ထိန်းညှိပေးတဲ့ ခံတွင်းရဲ့အခြေခံတိုက်စစ်လည်းဖြစ်ပါတယ်။ တံတွေးဟာ အစာတွေနဲ့ အခြားသောအပိုင်းအစတွေကိုဖယ်ရှားရှင်းလင်းပေးပြီး ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကထုတ်လွှတ်လိုက်တဲ့ အက်ဆစ်တွေကို ဓာတ်ပြယ်စေပါတယ်။ ဒါတင်မကပါဘူး ရောဂါတွေကိုတိုက်ဖျက်နိုင်တဲ့အရာတွေကိုလည်း ပါးစပ်ထဲမှာထုတ်ပေးတဲ့အပြင် ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေဝင်ရောက်လာမှုနဲ့ကြီးထွားလာမှုတို့ကို ရှေ့တန်းက ကာကွယ်ပေးနေတာပါ။
ခံတွင်းခြောက်တာနဲ့ဆက်စပ်နေတဲ့ အဖြစ်များတဲ့ပြဿနာတွေကတော့ လည်ချောင်းကြာရှည်နာခြင်း၊ ပူလောင်နေသလိုခံစားရခြင်း၊ စကားပြောရ ဒုက္ခရောက်ခြင်း၊ မြိုချရခက်ခြင်း၊ အသံဝင်ခြင်း၊သို့မဟုတ် နှာခေါင်းလမ်းကြောင်းခြောက်သွေ့ခြင်း စတာတွေပါ၀င်ပါတယ်။ အချို့အခြေအနေတွေမှာ ခံတွင်းခြောက်ခြင်းဟာ Sjőgren’s syndrome (ရှိူးဂရင်း ရောဂါ) ရဲ့လက္ခဏာတစ်ရပ်လည်းဖြစ်နိုင်ပါသေးတယ်။ Sjőgren’s syndrome ဆိုတာဟာ နာတာရှည်ခုခံအားဆိုင်ရာပြဿနာဖြစ်ပြီး ဒီအခြေအနေမှာ ခန္ဓာကိုယ်ထဲက ခုခံအားဟာ သူ့ကိုယ်ပိုင် အစိုဓာတ်ထုတ်ပေးတဲ့ဂလင်းတွေ၊ မျက်ရည်ဂလင်းနဲ့ တံတွေးဂလင်းတွေအပြင် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ မှားယွင်းပြီးတိုက်ခိုက်နေတာမျိုးပါ။

လက္ခဏာများ

Dry Mouth (ခံတွင်းခြောက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

တကယ်လို့သင်က တံတွေးအထွက်နည်းတယ်ဆိုရင် အချိန်တိုင်းသို့မဟုတ် အချိန်အများစုမှာ အောက်ပါလက္ခဏာတွေကို ခံစားနေရမှာပါ။
• ပါးစပ်ထဲမှာခြောက်ကပ်နေခြင်း
• ရေမကြာခဏဆာခြင်း
• ပါးစပ်တွင်းအနာဖြစ်ခြင်း၊ (ပါးစပ်ထောင့်တွေကွဲတာ သို့မဟုတ် အနာဖြစ်တာ၊ နှုတ်ခမ်းကွဲတာ စတာမျိုးတွေပါ။)
• လည်ချောင်းခြောက်ခြင်း
• ပါးစပ်ထဲမှာ အထူးသဖြင့် လျှာမှာ ပူနေတာ သို့မဟုတ် တဆစ်ဆစ်နေတဲ့ ခံစားမှုမျိုးရနေခြင်း
• လျှာဟာ ခြောက်သွေ့နီရဲပြီးနာကျင်နေခြင်း
• စကားပြောရာမှာပြဿနာရှိခြင်း သို့မဟုတ် အရသာခံရာမှာ ၊ ၀ါးတဲ့နေရာမှာ၊ မြိုချတဲ့နေရာမှာ အဆင်မပြေဖြစ်ခြင်း
• အသံဝင်ခြင်း၊ နှာခေါင်းလမ်းကြောင်းခြောက်ခြင်းနဲ့ လည်ချောင်းနာခြင်း
• ခံတွင်းနံ့ဆိုးခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါ၀င်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့သင်က ခံတွင်းခြောက်ခြင်းရဲ့ သင်္ကေတနဲ့ လက္ခဏာတွေကို ခံစားလာရတယ်ဆိုရင် သွားဆရာဝန် သို့မဟုတ် မိသားစုဆရာဝန်နဲ့ သွားတွေ့ပါ။

ကာကွယ်ခြင်းနှင့် ကုသမှု

Dry Mouth (ခံတွင်းခြောက်ခြင်း) ကို ဘယ််လိုကာကွယ်မလဲ

ခံတွင်းခြောက်ခြင်းဟာ အဖြစ်များပြီး များသောအားဖြင့်တော့ ကာကွယ်လို့ရပါတယ်။ အော်ပါအချက်တွေကို လိုက်နာကြည့်ပါ။
• တစ်ရက်ကို ရေ ၂လီတာသောက်ပါ။ ဒါက ၂၅၀မီလီလီတာရှိတဲ့ ဖန်ခွက်၈ခွက်စာရေပမာဏပါပဲ။
• အိမ်မှာရေငွေ့ပေးစက်ကိုသုံးပါ။ အထူးသဖြင့် အိပ်ခန်းထဲမှာပေါ့။
• ပါးစပ်နဲ့အသက်ရှူမယ့်အစား နှာခေါင်းနဲ့ရှူပါ။
• ခံတွင်းခြောက်စေတဲ့ ဆေးတွေမသောက်ပါနဲ့။ အဆိုပါဆေးတွေထဲမှာ ဆီးဆေး၊ antihistamines နဲ့ နှာပိတ်သက်သာဆေး စတာတွေပါ၀င်ပါတယ်။ သင့်ဆရာဝန်က အခြားဆေးတစ်ခုကို ညွှန်းပေးနိုင်ပါလိမ့်မယ်။
• ကဖိန်းပါတဲ့သောက်စရာတွေ၊ ဆေးရွက်ကြီးနဲ့ အရက်စတာတွေကိုရှောင်ပါ။ ဒီအရာအားလုံးဟာ ခံတွင်းထဲမှာခြောက်သွေ့နေမှုကို ပိုတိုးလာစေပါတယ်။

Dry Mouth (ခံတွင်းခြောက်ခြင်း) ကို ဘယ််လိုကုသပါသလဲ

ဆရာဝန်နဲ့ သွားဆရာဝန်တွေဆီက အကြံပေးချက်တွေအပြင် အောက်ပါအချက်တွေကလည်း သင့်ရဲ့ဝေဒနာတွေကို သက်သာစေမှာပါ။
• တစ်နေ့လုံး သင့်ခံတွင်းကို အစိုဓာတ်ပေးနိုင်အောင် ရေသို့မဟုတ် သကြားမပါတဲ့အရည်ကိုသောက်ပါ။ သို့မဟုတ် ရေခဲတုံးတေါကို ငုံထားပါ။ ၀ါးတာနဲ့မြိုချရတာကို အဆင်ပြေစေဖို့ အစာစားတဲ့အချိန်မှာ ရေသောက်ပေးပါ။
• သကြားမပါတဲ့ပီကေကိုဝါးပါ။ သို့မဟုတ် သကြားမပါတဲ့ချိုချဉ်အမာတွေငုံပါ။ ဒါပေမယ့်အချို့လူတေအတွက် သကြားမပါတဲ့ပီကေနဲ့ချိုချဉ်တွေမှာတွေ့ရတဲ့ xylitol ဟာ များများစားရင် ၀မ်းပျက်ခြင်း သို့မဟုတ် ဗိုက်အောက်ပိုင်းအောင့်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။
• Biotene Oral Balance လိုမျိုး Carboxymethyl cellulose သို့မဟုတ် hydroxyethyl cellulose ပါ၀င်တဲ့ ဆေးဆိုင်မှာ ကိုယ်တိုင်ဝယ်လို ့ရတဲ့ တံတွေးအစားထိုးပစ္စည်းတွေကို သုံးကြည့်ပါ။
• ပါးစပ်နဲ့အသက်မရှူဘဲ နှာခေါင်းနဲ့အသက်ရှူပါ။ ညဘက်တွေမှာ ပါးစပ်နဲ့အသက်ရှူတာဖြစ်စေနိုင်တဲ့ အိပ်ဟောက်ခြင်းကိုကုသဖို့နည်းလမ်း ရှာပါ။
• ညဘက်ဆို အခန်းထဲကို အခန်းတွင်းရေငွေ့ပေးစက်ကိုသုံးပြီး အစိုဓာတ်ပေးပါ။
• နှုတ်ခမ်းခြောက်တာတွေ ကွဲတာတွေကိုချောမွေ့သွားစေဖို့ နှုတ်ခမ်းကိုအစိုဓာတ်ဖြည့်ပါ။
ရောဂါအခြေအနေပိုဆိုးသွားစေမယ့်ပစ္စည်းတွေကိုရှောင်ပါ။ ဒီပစ္စည်းတွေကတော့
• အရက်နဲ့ ကဖိန်းဓာတ်တွေ။ ဒီပစ္စည်းတွေဟာ ခြောက်သွေ့နာကျင်ခြင်းတွေကိုဖြစ်စေပါတယ်။ alcohol ပါတဲ့ခံတွင်းသန့်စင်ဆေးရည်ကို မသုံးပါနဲ့။
• ဆေးရွက်ကြီးနဲ့ပတ်သက်တာမှန်သမျှ မသုံးပါနဲ့။ တကယ်လို့ သင်က ဆေးရွက်ကြီးကို ရှူတယ်၊ ၀ါးတယ်ဆိုရင် ရပ်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ဆေးရွက်ကြီးပါ၀င်ပစ္စည်းတွေဟာ ခံတွင်းကိုခြောက်သွေ့နာကျင်စေပါတယ်။
• antihistamines နဲ့ နှာပိတ်သက်သာဆေး လို ဆေးမျိုး။ ဒါတွေက ခံတွင်းခြောက်ခြင်းကို ပိုဆိုးစေပါတယ်။
• သကြားသို့မဟုတ် အက်ဆစ်ဓာတ်ပါ၀င်တဲ့ အစာတွေနဲ့ချိုချဉ်တွေ။ ဒါတွေက သွားပျက်စီးနိုင်ချေကို ပိုများစေပါတယ်။ စပ်တဲ့အစာတွေနဲ့ ဆားငံတဲ့အစာတွေကိုလည်းရှောင်ပါ။ သူတို့ကလည်း ခံတွင်းနာကျင်ခြင်းကိုဖြစ်စေပါတယ်။
တံတွေးဟာသွားနဲ့ခံတွင်းကို ကျန်းမာရေးကောင်းအောင်ထိန်းသိမ်းပေးတဲ့နေရာမှာ အရေးကြီးလှပါတယ်။ အောက်ပါအချက်တွေကိုလိုက်နာခြင်းက ခံတွင်းခြောက်တာကိုသက်သာစေပြီး သွားတွေကိုလည်း ကာကွယ်ပေးနိုင်မှာပါ။
• ဖလိုရွိုက်သွားတိုက်ဆေးနဲ့သွားတိုက်ပြီး သွားကြားထိုးပါ (ကြိုးဖြင့်)။ သင်ဟာ ဆေးပါတဲ့ဖလိုရွိုက်သွားတိုက်ဆေးတွေ၊ betaie ပါ၀င်တဲ့သွားတိုက်ဆေးတွေ သို့မဟုတ် ဘက်တီးရီးယားအက်ဆစ်တွေကို ဓာတ်ပြယ်စေတဲ့ သွားတိုက်ဆေးဂျယ်တွေ သုံးရင် ပိုအဆင်ပြေနိုင်မလားဆိုတာ သွားဆရာဝန်ကိုမေးပါ။
• ညအိပ်ရာမဝင်ခင် ဖလိုရွိုက်ပါတဲ့ ခံတွင်းသန့်ဆေးရည်ကိုသုံးပါ။ သို့မဟုတ် ဖလိုရွိုက်ဂျယ်နဲ့ သွားတိုက်ပါ။
• တစ်နှစ်ကို အနည်းဆုံး၂ကြိမ်သွားဆရာန်နဲ့တွေ့ပြီး သွားပျက်စီးတာကို ကာကွယ်နိုင်ဖို့ သွားအခြေအနေစစ်ဆေးခြင်းနဲ့ သွားချိုးတွေဖယ်ရှားခြင်းစတာတွေကို ပြုလုပ်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly