ဇင်ဘာဘွေသမ္မတ ဖြစ်လာမည့် မန်ဂါဝါက ဒီမိုကရေစီ ပြည့်ဝစေရမည် ပြော

ဇင်ဘာဘွေသမ္မတ ဖြစ်လာမည့် မန်ဂါဝါက ဒီမိုကရေစီ ပြည့်ဝစေရမည် ပြော

 

ဟာရာရီ၊ နိုဝင်ဘာ ၂၃ ။           ။ ဇင်ဘာဘွေနိုင်ငံကို ၃၇ နှစ်ကြာ အုပ်စိုးခဲ့သည့် မူဂါဘီ ပြုတ်ကျပြီးနောက် နေရာပြန်လည် ရလာကာ သမ္မတသစ်အဖြစ် တာဝန်ယူရတော့မည်ဖြစ်သော အမ်မာဆန် မန်ဂါဝါက ဟာရာရီမြို့တော်တွင် ကြိုဆိုထောက်ခံသည့် လူအုပ်အား မိန့်ခွန်းပြောဆိုရာတွင် ၎င်းတို့အနေဖြင့် နိုင်ငံကို ဒီမိုကရေစီ ပြည့်ဝစေရန် ဆန္ဒရှိထားကြောင်း ပြောသည်။

မူဂါဘီ ဇနီးဖြစ်သူနှင့် ရာထူးနေရာအတွက် အချေအတင်များ ဖြစ်ခဲ့ကာ ဒုတိယသမ္မတ အဖြစ်မှ နိုဝင်ဘာ ၆ ရက်တွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် မန်ဂါဝါသည် မူဂါဘီ ရာထူးက နုတ်ထွက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူထုအား မိန့်ခွန်းပြောဆိုမှုတွင် ယခုကဲ့သို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။

မန်ဂါဝါ ရာထူးက အထုတ်ခံရခြင်းဖြင့် တင်းမာမှုများ မြင့်တက်ကာ စစ်အာဏာသိမ်းမှုအထိ ဖြစ်ခဲ့ပြီးနောက် မူဂါဘီအနေဖြင့် နိုဝင်ဘာ ၂၁ ရက်တွင် သမ္မတရာထူးမှ ဆင်းပေးရသည့်အထိ ဖြစ်ခဲ့သည်။

စစ်တပ်နှင့် လုံခြံုရေးတပ်ဖွဲ့များနှင့် နီးစပ်သော ဆက်ဆံရေးရှိသည့် မန်ဂါဝါသည် လာမည့် နိုဝင်ဘာ ၂၄ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာ ဆိုမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

“ဒီကနေ့ဟာ ကျွန်တော်တို့ နိုင်ငံမှာ ပြည့်ဝတဲ့ ဒီမိုကရေစီ အစပြုတာကို မျက်မြင်တွေ့ရပြီ ဖြစ်တယ်။”ဟု ထောက်ခံသူ ရာပေါင်းများစွာ ရှေ့တွင် အသက် ရ၅ နှစ်ရှိ မန်ဂါဝါက ပြောခဲ့သည်။

“ကျွန်တော်တို့ စီးပွားရေးကို ကျွန်တော်တို့ အားကောင်းဖွံ့ဖြိုးလိုတယ်။ အလုပ်အကိုင်တွေ လိုတယ်။ အားလုံးသော ဇင်ဘာဘွေ ပြည်သူမျိုးချစ်တွေအနေနဲ့ အတူလက်တွဲကြပါ။ အတူ လုပ်ကိုင်ကြပါ။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly