မြန်မာနိုင်ငံက ခံတွင်းကင်ဆာရောဂါသည်အားလုံးမှာ ကွမ်းစားကြသူများ ဖြစ်နေကြောင်း တွေ့ရှိ

မြန်မာနိုင်ငံက ခံတွင်းကင်ဆာရောဂါသည်အားလုံးမှာ ကွမ်းစားကြသူများ ဖြစ်နေကြောင်း တွေ့ရှိ

 

သုတေသနတစ်ရပ်အရ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် ခံတွင်းကင်ဆာရောဂါသည်အားလုံးသည် ကွမ်းစားသူများဖြစ်နေကြောင်း ESMO Asia 2017 Congress တွင် သုတေသီများက အစီရင်ခံ ထုတ်ပြန်ကြောင်း နိုဝင်ဘာ ၂၀ ရက်ထုတ် Medical Press သတင်းတွင် ဖော်ပြသည်။

လူငယ်လူရွယ် အရွယ်ဝင်စတွင် ကွမ်းစစားတတ်ကြပြီး ကွမ်းစားခြင်းနှင့် အတူ ခံတွင်းကင်ဆာ ဖြစ်စေနိုင်သော ဘေးအန္တရာယ်များသည့် ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းများပါ ဒွန်တွဲပါလာတတ်သည်။

ယခုနှစ်တွင် တောင်ငူဆေးရုံကြီးသို့ ကင်ဆာဝေဒနာရှင်ပေါင်း ၃၀၇ ဦး ရောက်ရှိကာ ၆၇ ဦး(၂၂ ရာခိုုင်နှုန်း) သည် ဦးခေါင်းနှင့် လည်ပင်း ကင်ဆာဆဲလ် ရှိနေကြသူများဖြစ်သည်။ ၎င်းတို့က သုတေသနတွင် ပါဝင်ခဲ့ကြပြီး ယင်း ၆၇ ဦးတွင် ၄၁ ဦးက အမျိုးသားများဖြစ်ကာ ၂၆ ဦးက အမျိုးသမီးများဖြစ်သည်။ အမျိုးသားများသည် အသက် ၅၉ ဒဿမ ၂ နှစ်ဝန်းကျင် ( ၃၆ နှစ်မှ ၈၁ နှစ်ကြား) ရှိသူများဖြစ်ကာ အမျိုးသမီးများသည် ၅၈ ဒဿမ ရ နှစ်ဝန်းကျင် ( ၁၉ နှစ်မှ ၈၆ နှစ်ကြား) ရှိသူများ ဖြစ်သည်။ အများစုသော ကင်ဆာဖြစ်ရာနေရာသည် ခံတွင်းပိုင်းက ၃၄ ဒဿမ ၃ ရာခိုင်နှုန်း ရှိကာ အသံအိုးပိုင်း ၂၅ ဒဿမ ၄ ရာခိုင်နှုန်း၊ လည်မြိုအလယ်ပိုင်း oropharynx ၁၁ ဒဿမ ၉ ရာခိုင်နှုန်း၊ လည်မြိုအတွင်းပိုင်း nasopharynx ၁၁ ဒဿမ ၉ ရာခိုင်နှုန်း၊ လည်မြိုအောက်ပိုင်း hypopharynx ၁၀ ဒဿမ ၄ ရာခိုင်နှုန်း၊ နှုတ်ခမ်းပိုင်း ၄ ဒဿမ ၅ ရာခိုင်နှုန်းနှင့် နှာခေါင်းပိုင်း ၁ ဒဿမ ၅ ရာခိုင်နှုန်းတို့ ဖြစ်ကြသည်။

၎င်းဝေဒနာရှင်များ၏ လူနေထိုင်မှုဘဝပုံစံအားဖြင့်လည်း ရောဂါသည် ၂၀ (၃၀ ရာခိုင်နှုန်း)သည် ကွမ်းတစ်မျိုးတည်းသာ စားကြပြီး ၁၉ ဦး (၂၈ ရာခိုင်နှုန်း)က ကွမ်းနှင့် ဆေးလိပ်သောက်ကာ ၁၉ ဦး (၂၈ ရာခိုင်နှုန်းမှာ ကွမ်း၊ ဆေးလိပ်နှင့် အရက်ပါ သောက်စားကြသူများ ဖြစ်သည်။ နှစ်ဦးက ဆေးလိပ်နှင့် အရက်သောက်သူများ ဖြစ်ကာ နှစ်ဦးသည် ဆေးလိပ်တစ်မျိုးတည်းသောက်သည်။ နောက်နှစ်ဦးသည် ကွမ်း၊ ဆေးလိပ်၊ အရက် ကင်းသူများဖြစ်ပြီး အချက်အလက် မရနိုင်ခဲ့သည့် လူနာသုံးဦး ရှိသည်။

ခံတွင်းကင်ဆာ ဖြစ်သူအားလုံးမှာ ကွမ်းစားသူများ ဖြစ်ကြသည်။ ထပ်လောင်း၍ ၄၈ ရာခိုင်နှုန်းက ဆေးလိပ်ပါ သောက်ပြီး ၄၄ ရာခိုင်နှုန်းသည် အရက်သောက်သူများ ဖြစ်သည်။ ခံတွင်းကင်ဆာ ဖြစ်သူ အများစု ၈၇ ရာခိုင်နှုန်းမှာ ကွမ်းမြံုထားသည့် အကျင့်ရှိသူများ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly