ပျောက်ဆုံးရေငုပ်သင်္ဘောနှင့် နောက်ဆုံးအဆက်အသွယ်ရချိန်၌ ပုံမှန်မဟုတ်သောအသံများဖမ်းမိခဲ့ဟု အာဂျင်တီးနားရေတပ်ပြော

ပျောက်ဆုံးရေငုပ်သင်္ဘောနှင့် နောက်ဆုံးအဆက်အသွယ်ရချိန်၌ ပုံမှန်မဟုတ်သောအသံများဖမ်းမိခဲ့ဟု အာဂျင်တီးနားရေတပ်ပြော

 

မာဒယ်ပလာတာ၊ အာဂျင်တီးနား၊ နို၀င်ဘာ၂၃ ။              ။ တောင်အန္တလန္တိတ်သမုဒ္ဒရာအတွင်း ပျောက်ဆုံးခဲ့သောအာဂျင်တီးနားရေငုပ်သင်္ဘောနှင့် နောက်ဆုံးအဆက် အသွယ်ရခဲ့ချိန်တွင် ပုံမှန်မဟုတ်သောအသံများကိုဖမ်းမိခဲ့ကြောင်း အာဂျင်တီးနားရေတပ်က ဗုဒ္ဓဟူးနေ့၌ ပြောဆိုခဲ့ပြီး ထိုအသံများသည် ပေါက်ကွဲသည့်အသံများဖြစ်နိုင်သည်ဆိုသော ယူဆချက်ကိုမူ ငြင်းဆန်ခဲ့သည်။

ရေငုပ်သင်္ဘောပေါ်မှအမှုထမ်း ၄၄ဦးအား အသက်ရှင်လျက်ရှာတွေ့ရန် ရှာဖွေရေးများကို ပင်လယ်သမုဒ္ဒရာ မျက်နှာပြင်နှင့် ပင်လယ်ကြမ်းပြင်အောက်တို့၌ အပူတပြင်းလုပ်ဆောင်လျက်ရှိသော်လည်း ရေငုပ်သင်္ဘော ပျောက်ဆုံးခဲ့သည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်သောကြောင့် သင်္ဘောပေါ်၌အောက်စီဂျင်ပြတ်တောက်သွားနိုင်သည် ကို စိုးရိမ်ရပြီး အမှုထမ်းများကို အသက်ရှင်လျက်ရှာတွေ့နိုင်ရန်မျှော်လင့်ချက်မှာ မှေးမှိန်လာသည်။

အေအာအေဆန်ဟွမ်အမည်ရှိ အဆိုပါပျောက်ဆုံးရေငုပ်သင်္ဘောသည် အမှုထမ်းများအား တောင်အန္တလန္တိ ရေအောက်၌ ရ ရက်ခန့်အသက်ရှင်နိုင်ရန်   အောက်စီဂျင်လုံလုံလောက်လောက်   ပေးနိုင်စွမ်းရှိကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။ သို့သော်လည်း ယခုအချိန်ထိ ရှာမတွေ့သေးသောကြောင့် ယခုလိုစိုးရိမ်မှုများ မြင့်တက်လာခြင်းဖြစ်သည်။

ရေတပ်မှပြောရေးဆိုခွင့်ရှိသူ အင်းနရစ်ဘယ်လ်ဘီက နိုဝင်ဘာလ ၁၅ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့သည့် ထိုရေငုပ်သင်္ဘောနှင့် နောက်ဆုံးအဆက်အသွယ်ရပြီးနောက် သုံးနာရီ အကြာခန့်တွင်   ရေအောက်အသံလှိုင်းများ ကို ဖမ်းယူရမိခဲ့ကြောင်း သတင်းထောက်များကိုပြောခဲ့သည်။

ထိုအသံသည် ပေါက်ကွဲသည့်အသံများဖြစ်နိုင်သလားဆိုသော မေးမြန်းချက်အား ပြောရေးဆိုခွင့်ရှိသူက ခန့်မှန်း ပြောဆိုရန် ငြင်းဆန်ခဲ့ပြီး “သေချာလေ့လာပြီး အတည်ပြုနိုင်ဖို့ကြိုးစားရဦးမှာပါ” ဟုသာ သူက ပြောခဲ့သည်။

“ကျနော်တို့ လောလောဆယ်မှာ အန္တရာယ်ရှိတဲ့အခြေအနေကိုရောက်နေပါတယ်။ အခြေအနေတွေဟာ ပိုမို ဆိုးရွားလာနိုင်ပါတယ်” ဟု ဘယ်လ်ဘီက ဖြည့်စွက်ပြောဆိုခဲ့သည်။

ထိုကဲ့သို့ ဖမ်းယူရရှိခဲ့သည့်အသံလှိုင်းများအကြောင်းကို ရေတပ်က အဘယ်ကြောင့် ဗုဒ္ဓဟူးနေ့မှ ထုတ်ပြန်ခဲ့ရ သည့် အကြောင်းရင်းအား ရှင်းရှင်းလင်းလင်းမပြောနိုင်သေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags