မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည် ပူဇော်ရန် ဆင်းတုတော်တစ်ဆူချီးမြှင့်

မိုင်းဖုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည် ပူဇော်ရန် ဆင်းတုတော်တစ်ဆူချီးမြှင့်
ဓါတ်ပုံ - ဦးဖြိုးမင်းသိန်း facebook

ရန်ကုန် နို၀င်ဘာ ၂၂ ။             ။ ရန်ကုန်မြို့တွင် ခေတ္တသီတင်းသုံးတော်မူနေသည့် မိုင်းဖုန်းဆရာတော်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပူဇော်ကြည်ညိုနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်မှတစ်ဆင့် ဘုရားဆင်းတုတော်တစ်ဆူ ချီးမြှင့်လိုက်သည်။

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့နယ်ရှိ သာသနာ့ လင်္ကာရမိုင်းဖုန်းကျောင်းတိုက်၊ အဓိပတိဆောင် တွင် ခေတ္တသီတင်းသုံးနေသည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယနေ့ နိုဝင်ဘာ ၂၂ ရက်တွင် သွားရောက်ဖူးမြော်စဉ် ဆရာတော်က ယင်းသို့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဆရာတော်သည် မကြာသေးခင်ကလည်း ဒေါ် အောင်ဆန်းစုကြည်ပူဇော်ရန် ရှမ်းပြည်နယ် စည်ပင် သာယာဝန်ကြီးမှတစ်ဆင့် ဆင်းတုတော် ၁ ဆူနှင့် ပျားဖယောင်းတိုင် ၁ ထုပ်ကို ပေးပို့ခဲ့ပြီး၊ ယခုမှာ ဘုရားဆင်းတုတော်၂ ဆူမြောက်ဖြစ်သည်။ မိုင်းဖုန်း ဆရာတော်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းက သာသနာပြုခရီးအတွက် တာချီ လိတ်မှ ရန်ကုန်သို့ ကြွလာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ တွင် သီတင်းသုံးနေသည်မှာ ၂ ရက်ရှိပြီဖြစ်သည်။

မိုင်းဖုန်းဆရာတော်သည် ရန်ကုန်မြို့ရောက်ရှိစဉ် ရွှေတိဂုံစေတီတော်ကိုသွားရောက် ဖူးမြော်ခဲ့သည်။ ယနေ့ညတွင် ၉ မိုင်ရှမ်းကျောင်း၌ တရားဟောကြားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ကျိုက်ထီးရိုးစေတီတော်ကို သွားရောက်ဖူးမြော် မည်ဖြစ်သည်။ ထို့နောက် နေပြည်တော်၊မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီးနှင့် အခြားမြို့ရွာဒေသများသို့ ကြွရောက် ချီးမြှောက်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly