“ ပြည်ခိုင်ဖြိုး ဖြုတ်ထုတ်ပွဲ၊ ဘယ်အထိ သွားမလဲ ”

“ ပြည်ခိုင်ဖြိုး ဖြုတ်ထုတ်ပွဲ၊ ဘယ်အထိ သွားမလဲ ”

ခုဆိုရင် အမျိုးသားလွှတ်တော်ဟာ လက်ရှိ ကျင်းပနေဆဲ ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ရပ်ဆိုင်းထားလိုက်ဖို့ မဲခွဲ ဆုံးဖြတ်ခဲ့ပြီးပါပြီ။ အခု လွှတ်တော်တွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ရင် သူရဦးရွှေမန်း ဥက္ကဌ အဖြစ်ဆောင်ရွက်နေတဲ့ ပြည်သူ့လွှတ်တော်က အစည်းအဝေးတွေ ဆက်လုပ်ဦးမှာဖြစ်သလို၊ သူ နာယက အဖြစ်ဆောင်ရွက်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကလည်း ဆက်ကျင်းပနေဦးမှာပါ။ ဒီဖြစ်ရပ်ဟာ အလွန်ထူးခြားပါတယ်။

လွှတ်တော် စတင်တဲ့ သက်တန်းတစ်လျောက် ခုလို တစ်ကြိမ်မှ မဖြစ်ပေါ်ခဲ့ဖူးသေးပါဘူး။ ပြည်ခိုင်ဖြိုးပါတီတွင်း သူရဦးရွှေမန်းနဲ့ ထောက်ခံသူ တစ်ချို့ကို ခေါင်းဆောင်မှု နေရာတွေကနေ ဖယ်ရှားပြီးနောက် လွှတ်တော်တွင်းအထိ ဆက်ပြီး ဖြစ်ပေါ်နေတဲ့ ဒီအခြေအနေ ဘယ်အထိ ဆက်သွားမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း တပ်မတာ်နဲ့ အစိုးရအဖွဲ့ ပေါင်းပြီး သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ယာယီ ဥက္ကဌ အဖြစ်ကနေ ဖယ်ရှားခဲ့ပြီးပါပြီ။ ဒါပေမယ့် သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ နဲ့ ပြည်ထောင်စု လွှတ်တော် အလှည့်ကျ နာယက အဖြစ် ဆက်ပြီး တည်ရှိနေပါသေးတယ်။

တပ်မတော်နဲ့ အစိုးရအဖွဲ့ဟာ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီဖြစ်ပေမယ့် အောက်ခြေ ပါတီဝင်တွေကိုတော့ အပြည့်အ၀ မထိန်းချုပ်နိုင်သေးပါဘူး။ အထူးသဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့်၊ လက်ရှိလည်း လွှတ်တော်အမတ် ဖြစ်နေသူတွေကို အရေးတကြီး ထိန်းချုပ်ဖို့လည်း လိုနေပါသေးတယ်။

အကြောင်းကတော့ ဒီအမတ်တွေထဲမှာ သူရဦးရွှေမန်းကို သြဇာခံတဲ့ အမတ်တွေပါလာရင်၊ ရွေးကောက်ပွဲမှာ အဲဒီ အမတ်တွေ အနိုင်ရခဲ့ပြီး လွှတ်တော်ထဲ ရောက်သွားရင်၊ သမ္မတ တစ်ယောက်ရွေးချယ် ရာမှာ သူတို့မဲတွေဟာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်အတွက် မဟုတ်ပဲ ပြိုင်ဘက် အင်န်အယ်လ်ဒီ ဘက်ကို ရောက်သွားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ရွေးကောက်ပွဲ ဝင်မယ့် လက်ရှိလည်း ပြည်ခိုင်ဖြိုး အမတ်တွေ ဖြစ်နေတဲ့ အမတ်လောင်းတွေကို အပြည့်အ၀ ထိန်းချုပ်နိုင်ဖို့ဆိုရင် သူရဦးရွှေမန်းကို လွှတ်တော် အကြီးအကဲ ရာထူးကနေ ဖယ်ရှားမှ ဖြစ်မယ်ဆိုပြီး ဖြုတ်၊ထုတ်လုပ်ငန်းကို ဆက် အကောင် အထည် ဖော်နေတာ ဖြစ်နိုင်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပါတီဥက္ကဌ ဦးသိန်းစိန်က သူရဦးရွှေမန်းဆီ ပေးပို့တဲ့စာမှာ ခုလို ဖော်ပြထားတယ်လို့ လွှတ်တော် အစည်းအဝေး စတဲ့နေ့မှာ သူရဦးရွှေမန်းက အမတ်တွေကို ကိုယ်တိုင် ပြောပြခဲ့ပါတယ်။

စာထဲမှာ “ယခုအခါ ပါတီထိပ်ပိုင်းခေါင်းဆောင်များအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်နေခြင်း၊ ပါတီတွင်း ဒီမိုကရေစီကျင့်သုံးမှုကို မျက်ကွယ်ပြု၍ ပါတီဥက္ကဋ္ဌ ပူးတွဲတာဝန် ထမ်းဆောင်သူ တစ်ဦးတည်း ၏ ဆန္ဒအရသာ ဆုံးဖြတ်ပြုလုပ်နေခြင်း၊ ပါတီ၏ရန်ပုံငွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ သုံးစွဲနေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာမှုမရှိခြင်း၊ မူလမဲဆန္ဒရှင်အချို့က လွှတ်တော် ကိုယ်စားလှယ်တာဝန် မှ ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားထားခြင်းတို့ကြောင့် ပါတီ၏ ဂုဏ်သိက္ခာကို များစွာထိခိုက်ကျဆင်းစေလျက်ရှိပြီး မကြာမီကျင်းပမည့် အထွေထွေရွေးကောက် ပွဲအောင်မြင်ရေးကိုပါ ထိခိုက်လာနိုင်သဖြင့်” ဆိုပြီး ဖော်ပြထားတယ်လို့ ဖတ်ပြပါတယ်။ ဒါကိုကြည့်ရင် ပြည်ခိုင်ဖြိုးပါတီဟာ သူရဦးရွှေမန်းကို လွှတ်တော် အကြီးအကဲ ရာထူးကပါ ဖယ်ရှားဖို့ ကြိုးစားတော့ မှာ ဖြစ်ကြောင်း ပေါ်လွင်လာပါတယ်။

ဒီအတွက် လွှတ်တော် အစည်းအဝေး စစချင်းမှာပဲ သူရဦးရွှေမန်းက “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကို လွှတ်တော်အတွင်း ယူဆောင် လာခြင်း မပြုစေလိုပါကြောင်း” လို့ ကြိုတင် ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပြည်ခိုင်ဖြိုးပါတီဝင်တွေကတော့ သူတို့ရဲ့ အစီအစဉ်ကို ဆက်ပြီး လုပ်ကိုင်ကြပါတယ်။ အဲဒါကတော့ ပြည်သူ့လွှတ်တော်ကိုရော၊ အမျိုးသားလွှတ်တော်ကိုပါ ရပ်နားဖို့ တင်ပြတာပါ။ လွှတ်တော် နှစ်ရပ်လုံးမှာ တင်တဲ့ အရေးကြီး အဆိုကတော့ “ ၂၀၁၅ ခုနှစ် ဇွန်လမှ သြဂုတ်လ အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်း သဘာ၀ ဘေးသင့်မှုများနှင့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အတွက် ပြင်ဆင်ရမည့် အချိန် အလွန်နီးကပ်နေခြင်းကြောင့် ကျင်းပနေဆဲ ၁၂ ကြိမ်မြောက် ပုံမှန် အစည်းအဝေးကို ရပ်ဆိုင်းပေးပါရန်” အဆို ဖြစ်ပါတယ်။

ဒီအဆိုကို သြဂုတ်လ ၁၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ပြည်သူ့လွှတ်တော်ဘက်မှာတော့ သြဂုတ်လ ၁၈ ရက်နေ့မှာ ဥက္ကဌ သူရဦးရွှေမန်း သူ့သဘောနဲ့သူ ပယ်ချခဲ့ပြီး သြဂုတ်လ ၁၉ ရက်နေ့ရောက်မှ အဆိုကို မှတ်တမ်းပဲ တင်ထားဖို့ လွှတ်တော် သဘောထား ပြန်ရယူခဲ့တာ တွေ့ရပါတယ်။ တဆက်တည်း ပြည်ထောင်စု လွှတ်တော်မှာလည်း အမတ်တွေ ကို ပြန်ပြီးဖြုတ်ချနိုင်တဲ့ ဥပဒေ ပြဌာန်းနိုင်ရေး စ ပြီး ဆောင်ရွက်နေကြပါပြီ။ သြဂုတ်လ ၁၈ ရက်နေ့ ညနေမှာ ဥပဒေနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲက နိုင်ငံရေးပါတီတွေနဲ့ ဥပဒေကြမ်း ပူးပေါင်းကော် မတီ တွေ့ဆုံခဲ့ပါတယ်။ နောက်ပိုင်းရက်တွေမှာ အဲဒီ ဥပဒေကြမ်း အတည်ပြုရေး ဆက်လုပ်ကြပါဦးမယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူရဦးရွှေမန်းကို ပါတီခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ပယ်ပြီးနောက် လွှတ်တော် အကြီးအကဲ အဖြစ်ကနေ ဖယ်ရှားရေး လုပ်ငန်းတွေ လွှတ်တော်ထဲကို ရောက်လာပါပြီ။ လွှတ်တော်ထဲ ကိုဒီ ပြသနာရောက်လာတဲ့အခါ ပါတီတွင်းမှာ လုပ်ခဲ့ကိုင်ခဲ့သလို လွယ်လွယ်ကူကူတော့ ဖြစ်မသွားပါဘူး။ သြဂုတ်လ ၁၈ ရက်နေ့ တစ်ရက်တည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းနှစ်ကြိမ်တွေ့ဆုံ ခဲ့တာ၊ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူနဲ့ သူရဦးရွှေမန်း မဟာမိတ်ဖြစ်မှု ပိုခိုင်မာတော့မယ် ဆိုတဲ့ အဓိပ္ပါယ်ရ စကားမျိုး ပြောဆိုခဲ့တာတွေကိုကြည့်ရင် ဒီ ပြသနာထဲဒေါ်အောင်ဆန်း စုကြည် ဝင်ပါလာတော့မယ်လို့ သိနိုင်ပါပြီ။ သတင်းထောက်တွေနဲ့ ကမ္ဘာတစ်ဝှမ်းကလည်း ဒီ ပြသနာကို အချိန်နဲ့အမျှ အနီးကပ် စောင့်ကြည့်နေကြပါတယ်။

အရင်က မှန်းဆ ချက်အနေနဲ့ပဲ ရှိခဲ့တဲ့ လာမယ့် ရွေးကောက်ပွဲအပြီး သမ္မတ ရွေးချယ်ရာမှာ သူရဦးရွှေမန်းက စည်းရုံးထားတဲ့ ပြည်ခိုင်ဖြိုး အမတ်တွေရဲ့ မဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီ ဘက်ရောက်သွားနိုင်တယ် ဆိုတဲ့ မှန်းဆ ချက်ဟာ ခုလို ပြသနာအတွင်း ဒေါ်အောင်ဆန်းစုကြည် ဝင်ပါလိုက်ခြင်းအားဖြင့် တပ်မတော်နဲ့ အစိုးရဘက်က အင်အားစုတွေ အတွက် သံသယ ပိုကြီးသွားစေ မှာ ဖြစ်ပါတယ်။

ဒီလို အခြေအနေမျိုးမှာ သူရဦးရွှေမန်းကို လွှတ်တော် အကြီးအကဲ အနေနဲ့ ဖြစ်စေ၊ သာမန် နိုင်ငံရေး ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဖြစ်စေ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ပေးပြီး ရွေးကောက်ပွဲ ဝင်မယ့် ပြည်ခိုင်ဖြိုး အမတ်တွေကို ဆက်ပြီး စည်းရုံးခွင့် ပေးဖို့လောက်အထိ သဘောထားကြီးမှာ မဟုတ်တာကတော့ သေခြာပါတယ်။ ဒါကြောင့် ရှေ့လာမယ့် ရက်ပိုင်းအတွင်း ပြည်ခိုင်ဖြိုးပါတီရဲ့ ဂိုဏ်း ဂဏ တိုက်ပွဲ အထွတ်အထိပ် အခြေအနေကို ရောက်ရှိ ပြင်းထန်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly