"ရွှေဘို ဘေးကြားပေါ်ဆန်းမွှေး စျေးမြင့်တက်"

"ရွှေဘို ဘေးကြားပေါ်ဆန်းမွှေး စျေးမြင့်တက်"
Photo-AFP

မန္တလေး၊နိုဝင်ဘာ ၂၂ ။           ။ ပြည်ပဝယ်လိုအားနှင့် ပြည်တွင်းစားသုံးမှုမြင့်တက်လာခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုနယ်မှထွက်ရှိသည့် ဘေးကြားပေါ်ဆန်းမွှေးတစ်အိပ်စျေးနှုန်းသည် ပုံမှန်ထက်ကျပ် ရ၀၀၀အထိမြင့်တက်လျှက်ရှိသည်ဟု မြန်မာနိုင်ငံ ဆန်ထုတ်လုပ်သူများအသင်း၊ မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)မှ ဥက္ကဋ္ဌ ဦးတင်လှိုင်ဝင်းက မဇ္ဈိမကိုပြောသည်။

ထိုသို့ ဘေးကြားပေါ်ဆန်းမွှေးစျေးတက်နေခြင်းမှာ အောက်တိုဘာလကုန်ပိုင်းမှစတင်ခဲ့ပြီး ယခင်က ဆန်တစ်အိတ်ကို ၅၀၀၀၀ကျပ်သာဖြစ်ကာ ယခုလ နိုဝင်ဘာလတွင် ၅၇၀၀၀ကျပ်အထိ စျေးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ ဆန်ထုတ်လုပ်သူများအသင်း၊ မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)မှ ဥက္ကဋ္ဌ ဦးတင်လှိုင်ဝင်းက"တရုတ်ကလည်း ဝယ်လိုအားကရှိနေတယ်။ ပြည်တွင်းအခြေခံလူတန်းစားကအစ ဒီဘေးကြားကို နှစ်သက်ပြီးစားနေကြတော့ စျေးကတက်သွားတယ်။ ဧရာဝတီတိုင်းဘက်ကထွက်တဲ့ ပေါ်ဆန်းမွှေးစျေးကတော့ စျေးကပုံမှန်ပဲ မတက်ပါဘူး"ဟုပြောသည်။

ပန်သစ္စာဆန်ပွဲရုံပိုင်ရှင် ဦးကျော်အောင်က"ဘေးကြားက တက်နေတယ်။ တရုတ်ပြည်ပို့ရတယ်။ ဒီမှာ စားတာကလည်းများတယ်"ဟုပြောသည်။

ဘေးကြားပေါ်ဆန်းမွှေးသည် ဧရာဝတီတိုင်းဘက်မှထွက်သည့် ပေါ်ဆန်းမွှေးလောက် မမွှေးသော်လည်း ဆန်သားမှာ ချက်ပြုတ်ပြီးလျှင် တောင့်တောင့်လေးနှင့်ဆန်လုံးရှည်ထွက်ခြင်းကြောင့် လူကြိုက်များနေခြင်းဖြစ်ကြောင်း သိရသည်။

ဘေးကြားပေါ်ဆန်းမွှေးကို ရွှေဘို၊ ခင်ဦး၊ ဝက်လက်နှင့်ရေဦးနယ်တို့တွင် အဓိကစိုက်ပျိုးပြီး မန္တလေးနှင့်ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly