ယာဉ်မတော်တဆဖြစ်မှုမှ အမျိုးသမီးတစ်ဦးကိုကယ်ဆယ်ခဲ့သည့်အတွက် ချီးကျူးခံနေရသည့် ဟယ်ရီဆန်ဖို့ဒ်

ယာဉ်မတော်တဆဖြစ်မှုမှ အမျိုးသမီးတစ်ဦးကိုကယ်ဆယ်ခဲ့သည့်အတွက် ချီးကျူးခံနေရသည့် ဟယ်ရီဆန်ဖို့ဒ်

 

ဟောလိ၀ုဒ်၏နာမည်ကျော်မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ်သည် ကယ်လီဖိုးနီးယားရှိကားလမ်းပေါ်၌ ယာဉ်တိမ်း မှောက်ကာ သစ်ပင်တစ်ပင်ကိုဝင်တိုက်ခဲ့သည့် ကားတစ်စီးအတွင်းမှ အမျိုးသမီးတစ်ဦးကို ကယ်ဆယ်ခဲ့သည့် သူ၏လုပ်ရပ်အတွက် အများ၏ချီးမွမ်းခြင်းကိုခံခဲ့ရသည်။

အခင်းဖြစ်ပွားစဉ်တွင် ဟယ်ရီဆန်ဖို့ဒ်နှင့် သူ၏သူငယ်ချင်းဖြစ်သူတို့သည် လော့စ်အိန်ဂျယ်လိစ်မြောက်ပိုင်းမှ ဆန်တာပေါ်လာအရပ်၌ရှိနေပြီး ယာဉ်တိမ်းမှောက်သည်ဆိုသော သတင်းအားကြားချိန်၌ ကူညီရန်ထွက်ခွာသွား ခဲ့ကြသည်။

ဒေသဆိုင်ရာရဲတပ်ဖွဲ့မှ အရာရှိမတ်အလွန်ဇိုက “ သူဟာမွန်မြတ်လှတဲ့လုပ်ရပ်ကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးသမားတွေ မရောက်လာခင်မှာ သူကူညီဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ဖို့ဒ်နှင့် သူ၏သူငယ်ချင်းတို့သည် အမျိုးသမီးယာဉ်မောင်းအား ကားအတွင်းမှအပြင်ထွက်နိုင်ရန် ကူညီပေးခဲ့ ကြောင်း သူက ဆက်ပြောခဲ့သည်။

ဆလွန်းကားတစ်စီးကို တစ်ဦးတည်းမောင်းနှင်လာသော အမျိုးသမီးသည် အသေးစားဒဏ်ရာများသာ ရရှိခဲ့ ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက သတင်းဌာနများကို ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယား အဝေးပြေးလမ်းကင်းလှည့်အဖွဲ့၏အဆိုအရ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဆလွန်းကားတစ်စီးကို အဝေးပြေးလမ်းမပေါ်၌ မောင်းနှင်လာခဲ့ပြီး ကားကိုအရှိန်မထိန်းနိုင်ပဲ နောက်ဆုံးတွင် သစ်ပင်တစ်ပင်ကို ၀င်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟယ်ရီဆန်ဖို့ဒ်သည် အမျိုးသမီးကိုသွားရောက်ကူညီခဲ့ပြီး သူမ အဆင်ပြေမပြေကို သေချာစစ်ဆေးခဲ့သည်။ သူသည်ယာဉ်တိမ်းမှောက်မှု၌ သက်သေတစ်ဦးမဟုတ်သောကြောင့် မည်သည့်အချက်အလက်မှ ပေးနိုင်ခဲ့ခြင်း မရှိကြောင်း အရာရှိတစ်ဦးက ပြောခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်၌ အမျိုးသမီးကို အကူအညီပေးခဲ့သည့် မင်းသားကြီးဟယ်ရီဆန်ဖို့ဒ်အား လူအများက ချီးကျူးထောပနာပြုလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly