ချွေးပေါက်ပွင့်စေပြီး မျက်နှာဝင်းလက်စေမယ့် သဘာဝနည်းလမ်း ၆ ခု

ချွေးပေါက်ပွင့်စေပြီး မျက်နှာဝင်းလက်စေမယ့် သဘာဝနည်းလမ်း ၆ ခု

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

 

ချွေးပေါက်ပိတ်ဆို့တယ်ဆိုတာ လူတိုင်းဖြစ်ဖူးမှာပါ။မျက်နှာအရေပြားအောက်မှာရှိတဲ့ ဂလင်းလေးတွေကနေ ထွက်လာတဲ့အဆီက အရေပြားဆဲလ်သေတွေ၊မျက်နှာပေါ်က အမွေးအမှင်တွေနဲ့တွေ့တဲ့အခါ ချွေးပေါက်ပိတ်ဆို့ခြင်း ဖြစ်လာတာပါ။ အဲဒီကမှ ပိုးဝင်သွားရင် ဝက်ခြံတွေဖြစ်လာတတ်ပါတယ်။ ဒါကိုကုသတဲ့အခါ အသားအရေကို သန့်စင်စေပြီး ချွေးပေါက်ကိုပွင့်စေဖို့  မျက်နှာပေါင်းတင်တဲ့ နည်းလမ်းအမျိုးမျိုး သုံးကြပါတယ်။

ချွေးပေါက်ပိတ်ခြင်းက ဝက်ခြံတွေဖြစ်စေပြီး အသားအရေကို ရေရှည်မှာထိခို်က်စေနိုင်ပါတယ်။ ထပ်ကာတလဲလဲ ဝက်ခြံတွေဖြစ်လာတာကလည်း  ချွေးပေါက်ကို ပိုကျယ်စေပြီး  ချွေးပေါက်ပိတ်ခြင်းနဲ့ ဝက်ခြံဖြစ်ခြင်းကို ပိုတောင်ဖြစ်လာစေနိုင်ပါတယ်။ ဝက်ခြံဆိုးလာရင် အမာရွတ်ကျန်ခဲ့တာကလည်း ပြဿနာမသေးပါဘူး။

အမှန်တော့ ကျွန်မတို့ရဲ့အသားအရေက ဖုန်မှုန့်တွေ၊အညစ်အကြေးတွေနဲ့ နေ့စဉ်ထိတွေ့နေရတာဖြစ်လို့ ချွေးပေါက်ပိတ်တာက ရှောင်လွှဲလို့မရနိုင်တဲ့ရလဒ်ပါပဲ။ မျက်နှာအသားအရေကို စိုပြေသန့်စင်စေဖို့ထိန်းသိမ်းရာမှာ မျက်နှာသစ်ရုံလောက်နဲ့လည်း ချွေးပေါက်ကိုမပွင့်စေနိုင်ပါဘူး။

အများစုအတွက်တော့ နက်ရှိုင်းစွာသန့်စင်ပေးတဲ့နည်းလမ်းတွေကို ပုံမှန်လုပ်ပေးတာကပဲ ချွေးပေါက်ပွင့်စေပြီး ဝက်ခြံမဖြစ်အောင်ကာကွယ်ပေးဖို့အကောင်းဆုံးဖြစ်ပါတယ်။

ချွေးပေါက်ပွင့်စေမယ့် သဘာဝနည်းလမ်းများ

အသားအရေထိန်းသိမ်းရေးပစ္စည်းတွေ၊ ဆေးဝါးတွေအသုံးမပြုခင်မှာ ချွေးပေါက်ပိတ်ခြင်းနဲ့ဝက်ခြံအတွက် ဒီလိုသဘာဝနည်းလမ်းတွေထဲက အဆင်ပြေရာကို အရင်လုပ်ကြည့်နိုင်ပါတယ်။

 (၁) ရေနွေးငွေ့နဲ့ပေါင်းတင်မယ်

ရေနွေးငွေ့နဲ့ပေါင်းတင်တာက ချွေးပေါက်တွေပွင့်စေတဲ့အပြင် အညစ်အကြေးတွေ၊အဆီတွေကိုဖယ်ရှားပေးပြီး မျက်နှာကို ကြည်လင်ရှင်းသန့်စေတဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။အဲဒီမှာ ဆေးဖက်ဝင်သဘာဝပစ္စည်းတွေရောသုံးပေးရင် ပိုကောင်းပါတယ်။

အငွေ့တထောင်းထောင်းနဲ့ ရေနွေးကို ဇလုံထဲလောင်းထည့်ပြီး ချမ်မိုမိုင်း သို့မဟုတ် နှင်းဆီပန်းပွင့်ဖတ်လေးတွေကို နုတ်နုတ်စဉ်းပြီးဖြူးထည့်ပါ။ ပန်းကရတဲ့ essential oil တွေလည်း ထည့်နိုင်ပါတယ်။ ပြီးမှ ခေါင်းမှာတဘက်တစ်ခုနဲ့ပတ်ပြီး မျက်နှာကို ရေနွေးငွေ့ခံပါ။ ၁၅ မိနစ်လောက်ဆက်ပေါင်းတင်ပြီး မျက်နှာကို တဘက်အစိုနဲ့အသာအယာသုတ်ပါ။နောက်ပြီးမှ moisturizer တစ်မျိုးလိမ်းပေးပါ။

 (၂) သကြား scrub

ချွေးပေါက်ကျဉ်းစေဖို့နဲ့ မမြင်ရတဲ့ဖုန်မှုန့်တွေကို အရေပြားပေါ်ကဖယ်ရှားနိင်ဖို့သကြား  scrub ကိုသုံးနိုင်ပါတယ်။ သကြား scrub က ဆဲလ်သေဖယ်ရှားနိုင်တဲ့ သဘာဝအစွမ်းအာနိသင်ရှိလို့ အမာရွတ်တစ်ရှူးတွေကို တားဆီးပေးပြီး ချွေးပေါက်ပိတ်ဆို့ခြင်းကို အမြန် သက်သာစေပါတယ်။ အရင်ဆုံး သကြားနည်းနည်းကို မှုန့်အောင်ကြိတ်လိုက်ပါ။ ပန်းကန်လုံးတစ်ခုထဲမှာ သကြားမှုန့်လက်ဖက်ရည်ဇွန်းနှစ်ဇွန်းရယ်၊ သံပုရာရည်ရယ်ရောလိုက်ပါ။ မွှေရင်းအနှစ်ဖြစ်သွားတဲ့အခါ မျက်နှာ်မှာပွတ်သုတ်ပြီး ၅ မိနစ်အကြာမှာ ရေနဲ့မျက်နှာသစ်ပါ။အကောငး်ဆုံးကတော့ ဒီနည်းကို တစ်ပတ်တစ်ကြိမ်လုပ်ပေးပါ။

 (၃) ခရမ်းချဉ်သီးရည်

ခရမ်းချဉ်သီးမှာ ဆဲလ်သေဖယ်ရှားရာမှာထိရောက်တဲ့အာနိသင်ရှိတဲ့ lactic acid ပါဝင်ပြီး ချွေးပေါက်တွေထပ်မပိတ်အောင် ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးအရည်ကို ဂွမ်းစနဲ့စွတ်ပြီး ချွေးပေါက်ပိတ်နေတဲ့နေရာကိုတို့ပေးပါ။ ၅ မိနစ်လောက်ကြာရင် မျက်နှာသစ်ချပါ။ နောက်တစ်နည်းက ခရမ်းချဉ်သီးအနှစ်ကို ဆန်ခါတိုက်ပြီး အုတ်ဂျံုကိုကြိတ်ထားတဲ့အမှုန့်နဲ့ရောပြီးအနှစ်လုပ်ပါ။ ပြီးရင် မျက်နှာပေါ်လိမ်းပေးပြီး မိနစ် ၂၀ ကြာရင် မျက်နှာသစ်ချပါ။ ဂျံုမထည့်လည်း အနှစ်ထဲကို ပျားရည်အနည်းငယ်ထည့်ပြီးလည်းသုံးနိုင်ပါတယ်။

 (၄) ရွှံ့စေးပေါင်းတင်နည်း

clay mask တွေက ချွေးပေါက်ပိတ်ခြင်းနဲ့ဝက်ခြံတို့အတွက် အရမ်းကိုထိရောက်ပါတယ်။ ဒီ Mask တွေက ခြောက်သွေ့စေပြီး အဆီတွေကို စုပ်ယူပေးပါတယ်။  ရွှံ့စေးက သန့်စင်စေပြီး အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်လို့ ချွေးပေါက်ကိုပွင့်စေပါတယ်။ ဒါပေမယ့် ကြာရင် နီရဲရောင်ရမ်းမှုတွေဖြစ်လာစေနိူင်လို့ မျက်နှာမှာသိပ်အကြာကြီးထားလို့မရပါဘူး။ ခြောက်တာ မျက်နှာသစ်ချပါ။

 (၅) နနွင်းနဲ့စန္ဒကူး

နနွင်းက အရေပြားပေါ်ကအဆီပိုတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားနိုင်ပြီး ဝက်ခြံဖြစ်လာစေနိုင်တဲ့ ဘက်တီးရီးယားတွေကိုတားဆီးပေးနိုင်ပါတယ်။စန္ဒကူးကလည်း အသားအရေအတွက်ကောင်းပါတယ်။

နနွင်းနဲ့ စန္ဒကူးအမှုန့်ကို ဇွန်းတစ်ဝက်စီရောစပ်ပါ။ ရေနည်းနည်းထည့်ပြီး အနှစ်ဖြစ်ရင် အသားအရေမှာလိမ်းပေးပါ။ ခြောက်သွားရင် မျက်နှာသစ်လို့ရပါပြီ။

 (၆) တမာ ပေါင်းတင်နည်း

တမာရွက်က ဆေးဖက်ဝင်အကျိုးကျေးဇူးတွေများသလို အရေပြားရောင်ရမ်းမှုနဲ့ယားယံခြင်းတို့ကို သက်သာစေပါတယ်။ဒါ့ကြောင့်  ချိုးမယ့်ရေနွေးထဲမှာ တမာရွက်နည်းနည်းထည့်ခတ်ပြီး ချိုးရင်လည်း တစ်ကိုယ်လုံးကိုသန့်ရှင်းစေပြီး အညစ်အကြေးတွေဖယ်ရှားပေးနိူင်စွမ်းရှိပါတယ်။

မျက်နှာအသားအရေအတွက်ကတော့ တမာရွက်အစိမ်းကိုအနှစ်ထောင်း/ကြိတ်ပါ။ ရေနဲ့နနွင်းမှုန့်အနည်းငယ်ရောပြီးမွှေပါ။ သန့်စင်ထားတဲ့မျက်နှာမှာ လိမ်းပေးပြီး  ၁၀ မိနစ်- ၁၅ မိနစ်လောက် ထားပေးပါ။ ရေအေးနဲ့မျက်နှာသစ်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly