သင့်အတွက် အသင့်တော်ဆုံး နေလောင်ခံခရင်မ် ကို ဘယ်လိုရှာမလဲ

သင့်အတွက် အသင့်တော်ဆုံး နေလောင်ခံခရင်မ် ကို ဘယ်လိုရှာမလဲ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

နေလောင်ခံလိမ်းဆေးတွေဟာ နေကနေ အန္တရာယ်ရှိတဲ့ ခရမ််းလွန်ရောင်ခြည် တွေကို နည်းလမ်းနှစ်မျိုးနဲ့ ကာကွယ်ပေးပါတယ်။ အချို့ဟာ အလင်းရောင်ကို ဖြာထွက်စေပြီး ကိုယ်ခန္ဓာက အလင်းပြန်စေပါတယ်။ အချို့ကတော့ အရေပြားကို မရောက်ခင် ခရမ်းလွန်ရောင်ခြည်တွေ ကို စုပ်ယူလိုက်ပါတယ်။   နှစ်အနည်းငယ်အကြာက  ကောင်းမွန်တဲ့  နေလောင်ခံလိမ်းဆေးတွေကို   ရွေးချယ်ခြင်းမှာ SPF ကို ကြည့်ခဲ့ကြပါတယ်။ SPF ဟာ ခရမ်းလွန်ရောင်ခြည်တွေ တွေကို ဘယ်လောက်ကာကွယ်ပေးနိုင်သလဲဆိုတာ ဖေါ်ပြတဲ့အရာဖြစ်ပါတယ်။ SPF ဟာ ခရမ်းလွန်ရောင်ခြည် ဘီ တွေ ကိုသာ တားဆီးပေးပါတယ်။

နောက်ပိုင်းသုတေသနတွေက ခရမ်းလွန်ရောင်ခြည် အေ တွေဟာလည်း ကင်ဆာဖြစ်စေနှုန်းကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။ ခရမ်းလွန်ရောင်ခြည် အေ တွေဟာ နေလောင်ခြင်းကို မဖြစ်စေပဲ အရေပြား အတွင်းပိုင်းအထိ ဝင်သွားပြီးတော့ အရေးအကြောင်းတွေကို ဖြစ်စေပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ ့ က အသက်ကြီးရင့်မှုနဲ့ ပတ်သက်တဲ့ အရေပြား ပြောင်းလဲခြင်းတွေရဲ့ ၉၀ ရာခိုင်နှုန်း အထိဟာ ခရမ်းလွန်ရောင်ခြည်အေ တွေကို တစ်သက်တာ ထိတွေ့ခဲ့မှုကြောင့် ဖြစ်တယ်လို့ ခန့်မှန်းပါတယ်။

နောက်ပိုင်းပေါ်လာတဲ့ ခရမ်းလွန်ရောင်ခြည် အတော်များများကို တားပေးနိုင်တဲ့ နေလောင်ခံလိမ်းဆေးများ

ဒါဆို ဘယ်နေလောင်ခံလိမ်းဆေးက အကောင်းဆုံးပါလဲ။ သေချာတာကတော့ ခရမ်းလွန်ရောင်ခြည် အေ ရော ခရမ်းလွန်ရောင်ခြည် ဘီ ကိုပါ  ကာကွယ်ပေးနိုင်တဲ့ နေလောင်ခံလိမ်းဆေးတွေက အကောင်းဆုံးပါပဲ။ ဒီလိုဆေးတွေမှာ ပါဝင်ပစ္စည်းတွေက benzophenones (oxybenzone), cinnamates (octylmethyl cinnamate and cinoxate), sulisobenzone, salicylates, titanium dioxide, zinc oxide, avobenzone (Parsol 1789) and ecamsule (Mexoryl SX) တို့ပဲဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် ဘီကာကွယ်ဖို့အတွက် SPF 15 နှင့်အထက်

SPF ဆိုတာဟာ ခရမ်းလွန်ရောင်ခြည် ဘီ တွေကြောင့် ဖြစ်တဲ့နေလောင်ခြင်းကို ကာကွယ်တဲ့နေရာမှာ ဘယ်လောက်အစွမ်းထက်သလဲဆိုတာ ဖော်ပြတဲ့ အရာဖြစ်ပါတယ်။ SPF 15 ဟာ နေပူမလောင်ခင် မိနစ် ၁၅၀ နေနိုင်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ လူအများစုအတွက်တော့ SPF 15 ဟာ အဆင်ပြေပါတယ်။ ဒါပေမယ့် အသားအရမ်းဖြူတဲ့သူတွေ၊ အရေပြားကင်ဆာ မိသားစုထဲမှာ ရှိဖူးတဲ့သူတွေနဲ့ အရေပြားလေးဖက်နာ လိုမျိုး အခြေအနေရှိတဲ့သူတွေဟာ SPF 30 နဲ့ အထက်ကို စဉ်းစားသင့်ပါတယ်။ SPF တက်လာလေလေ အကျိုးရှိမှုကွာဟချက်ဟာ နည်းလာလေလေဆိုတာ သိထားသင့်ပါတယ်။ ထင်ရသလိုမျိုး SPF 30 ဟာ SPF 15 ထက် နှစ်ဆပိုအစွမ်းမထက်ပါဘူး။ SPF 15 ဟာ ခရမ်းလွန်ရောင်ခြည် ဘီrays တွေကို ၉၃ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပေမယ့် SPF 30 ကတော့ ၉၇ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး အနည်းငယ်သာ ကွာခြားချက် ရှိပါတယ်။

ခရမ်းလွန်ရောင်ခြည်အေ ကာကွယ်မှု – Leffell က နေလောင်ခံလိမ်းဆေးက ခရမ်းလွန််ရောင်ခြည် အေ တွေကို ကာကွယ်ဖို့ ဘယ်လောက်ကောင်းတယ်ဆိုတာ တိုင်းတာတဲ့စနစ် မရှိပါဘူးလို့ဆိုပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်အေ တွေနဲ့ ပတ်သက်လာရင် ပါဝင်ပစ္စည်းတွေကိုသာ ကြည့်သင့်ပါတယ်။

အောက်ဖေါ်ပြပါ ပစ္စည်းတွေထဲက တစ်မျိုးမျိုးပါဝင်တာကို ရွေးချယ်သင့်ပါတယ်လို့ Leffell က ဆိုပါတယ်။ ecamsule၊ avobenzone၊ oxybenzone၊ titanium dioxide၊ sulisobenzone  နဲ့ zinc oxide တို့ပဲဖြစ်ပါတယ်။

ရေနဲ့ ချွေးဒဏ် ကာကွယ်မှု

တကယ်လို့ လေ့ကျင့်ခန်း လုပ်တော့မယ် (သို့) ရေကူးတော့မယ်ဆိုရင် နေနဲ့ ချွေးစိုခံနိုင်တဲ့ နေလောင်ခံလိမ်းဆေးတွေကို အသုံးပြုသင့်ပါတယ်။ ဒါပေမယ့် ဒါဘာကိုဆိုလိုလဲဆိုတာကို နားလည်ထားသင့်ပါတယ်။ အစားအသောက်နဲ ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ ့က ရေစိုခံနိုင်တဲ့ နေလောင်ခံလိမ်းဆေးကို ရေထဲမှာ မိနစ် ၄၀ နေပြီးရင်တောင် SPF ပမာဏက အကျိုးရှိတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ ရေစိုအလွန်ခံနိုင်တယ်ဆိုခြင်းဟာ ရေ မိနစ် ၈၀ ကူတဲ့အထိ ခံနိုင်တာကို ဆိုလိုပါတယ်။ အမြဲရေစိုခံနိုင်တယ်ဆိုတဲ့ နေလောင်ခံလိမ်းဆေးတော့ မရှိပါဘူး။ ဒါကြောင့် ရေစိုပြီးရင်တော့ ပြန်ပြီး လိမ်းပေးဖို့လိုပါတယ်။

  • သင်ကြိုက်တဲ့ တံဆိပ် – တကယ်လို့ ကျွမ်းကျင်သူတွေကို တံဆိပ်တစ်မျိုးကို ကောင်းတယ်ပြောရင်တောင်မှ သင်မကြိုက်ရင် သုံးဖြစ်မှာ မဟုတ်ပါဘူး။ သင့်အကြိုက်ဟာလည်း အရေးကြီးပါတယ်။
  • ကလေးတွေလိမ်းနိုင်တဲ့ နေလောင်ခံလိမ်းဆေး

ကလေးတွေနဲ့ မွေးကင်းစအရွယ်တွေဟာ လူကြီးတွေလိမ်းတဲ့ နေလောင်ခံလိမ်းဆေးတွေရဲ့ ဓါတုပစ္စည်းနဲ့ အလွယ်တကူ ဓါတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် para-aminobenzoic acid (PABA) နဲ့ dioxybenzone, oxybenzone (သို့) sulisobenzone လိုမျိုး benzephenones ပါတဲ့ နေလောင်ခံလိမ်းဆေးတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးငယ်တွေအတွက် နေလောင်ခံလိမ်းဆေးတွေမှာတော့ အရေပြား ယားယံမှု မဖြစ်စေတဲ့ titanium dioxide နဲ့ zinc oxide လိုမျိုး အရာတွေပါဝင်ပါတယ်။ သူတို့ဟာ ဓါတုပစ္စည်းတွေလိုမျိုးမဟုတ်ပဲ အသားအရေကို ကာကွယ်ပေးနိုင်ပါတယ်။ အသက် ၆ လ အထက် ကလေးတွေအတွက် SPF 15 (သို့) ပိုများများပါတဲ့ ကလေးတွေအတွက် ထုတ်ထားတဲ့ နေလောင်ခံ လိမ်းဆေးမျိုးကို အသုံးပြုသင့်ပါတယ်။

  • အရေပြားပြဿနာတွေ (သို့) ဓါတ်မတည့်မှုတွေအတွက် နေလောင်ခံလိမ်းဆေး – ထိခိုက်လွယ်တဲ့ အရေပြား အခြေအနေရှိတဲ့သူတွေဟာ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ နေလောင်ခံလိမ်းဆေးတွေကို သုံးသင့်ပါတယ်။ Titanium dioxide (သို့) zinc oxide လိုမျိုးကို အခြားဓါတုပစ္စည်းတွေ အစား သုံးသင့်ပါတယ်။ အရေပြား ဓါတ်မတည့်မှုတွေ ရှိရင် အရက်ပြန်၊ အနံ့နဲ့ ထပ်ထည့်ပစ္စည်းတွေပါတဲ့ နေလောင်ခံလိမ်းဆေးမျိုးကို အသုံးမပြုသင့်ပါဘူး။

အခြား နေလောင်ခံလိမ်းဆေးတွေမှာ အစိုဓါတ်ထိန်းအာနိသင် (သို့) ခြောက်သွေ့တဲ့သူ ၊ အဆီပြန်တဲ့သူတွေအတွက် အခြား ပါဝင်ပစ္စည်းတွေ ပါရှိတတ်ပါတယ်။ သူတို့ဟာ ခရမ်းလွန်ရောင်ခြည် အေ နဲ့ ခရမ်းလွန်ရောင်ခြည် ဘီကို ကာကွယ်ဖို့အတွက် အထက်ဖေါ်ပြပါ လိုအပ်ချက်တွေကို ဖြည့်တင်းပေးနိုင်တယ်ဆိုရင် စမ်းသုံးကြည့်ပြီး ဘယ်ဟာကောင်းလဲ ဆုံးဖြတ်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly