"ရခိုင် အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း"

22 November 2017
"ရခိုင် အမျိုးသမီးများ အစည်းအရုံး ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း"

ကျောင်းဆရာမတစ်ဦးအဖြစ် အနာဂါတ် ပန်းကောင်းတွေကို ဖူးပွင့်စေခဲ့သူတစ်ဦးဖြစ်သလို မြန်မာနိုင်ငံရဲ့ အနာဂါတ်ကိုလည်း ငြိမ်းချမ်းရေးပန်းတွေ ဖူးပွင့်လာအောင် ပါဝင်ဆောင်ရွက်နေတဲ့   ဒေါ်စောမြရာဇာလင်း နဲ့ တွေ့ဆုံမေးမြန်းခန်းကို ခိုင်မွန်ချိုက တင်ဆက်ပေးလိုက်ပါတယ် ။

မေး။   ။ဆရာမ မင်္ဂလာပါရှင်။

ဖြေ။    ။ မင်္ဂလာပါ။

မေး။   ။ ဆရာမ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံကို စပြီးတော့ ပြန်ရောက်လာတဲ့ အချိန်တုန်းက ဘယ်အချိန်ကာလလောက်တုန်းကလဲ ။

ဖြေ။    ။ ပြည်ပမှာ ၂၄ နှစ် နေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့မှာ ရခိုင်ပြည်နယ် ဘင်္ဂလားဒေရှ့်ကို ဖြတ်ပြီးတော့ နတ်မြစ်ကို ဝင်လာတယ်။ ကျမ အများအားဖြင့် အခြေစိုက်တာက ဘင်္ဂလားဒေရှ့်မှာ အခြေစိုက်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပေါ်လာပြီး တဲ့နောက်မှာ မြန်မာနိုင်ငံကို လာလိုက် ထိုင်းနိုင်ငံကို သွားလိုက် ဘင်္ဂလားဒေ့ရှ်ကို ပြန်လိုက်နဲ့ ကျမ တစ်လကို သုံးနိုင်ငံလောက် ပတ်ချာလည်ပြီးတော့မှ သွားနေရတဲ့ ဘဝမျိုးပါ။

မေး။   ။ အရင်တုန်းက ဆရာမအနေနဲ့ ဒီ ကိုယ့်ရဲ့ နိုင်ငံအရေးကို ပြည်ပကနေ လှမ်းလုပ်တာနဲ့ မြန်မာပြည်ထဲမှာပဲ ပြန်လုပ်တာနဲ့ ဘယ်လိုတွေ ကွာခြားတယ်လို့ ဆရာမ ထင်လဲရှင့်။

ဖြေ။    ။ ပြည်ပမှာနေပြီးတော့ လုပ်ရတာက ဘာအခက်အခဲရှိလဲဆိုတော့ ကျမတို့လုပ်နေတာတွေကို ပြည်သူတွေက မျက်ဝါးထင်ထင် မမြင်ရဘူး။ သတင်းမှာပဲ ဖတ်ရတယ်။ ပြည်တွင်းထဲကို ရောက်လာတဲ့ အချိန်မှာတော့ ကျမတို့ ပြည်သူတွေနဲ့ တိုက်ရိုက် ဆုံတွေ့ခွင့်ရတယ်။ အဲဒါကတော့ ကျမတို့အတွက် အင်မတန်မှကောင်းတဲ့ အခွင့်အရေးတစ်ခုပဲလို့ ကျမ မြင်ပါတယ်။

မေး။   ။ ဆရာမ ပြည်ပမှာ နေထိုင်ခဲ့တဲ့ အချိန်ကာလက ၂၄ နှစ် တိတိ ကြာခဲ့တာပေါ့နော်။ အဲဒီတော့ အဒီဲလောက်ကြာကြာထိ ဆရာမ အဲဒီမှာ ဘာတွေလုပ်ဖြစ်ခဲ့လဲရှင့်။

ဖြေ။    ။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပါတယ်။ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ပါတယ်။ ပြီးလို့ရှိရင် လူမျိုးစု ပါတီ DNP လို့ခေါ်တဲ့ လူမျိုးစုပါတီပါတယ်။ ပြီးတော့ ရခိုင်ကွန်မြူနစ်ပါတီ ပါတယ်။ အဲဒီ လေးပါတီကို ပေါင်းထားတဲ့ အဖွဲ့ကို ရခိုင် အမျိုးသားညီညွတ်ရေး တပ်ဦးလို့ ခေါ်တယ်။ အဲဒီမှာ အမ ပေါင်းခဲ့တယ်။ အဲဒီတောထဲမှာ အမ ၃ နှစ်လောက် ကြာခဲ့ပါတယ်။ ဒီလိုနဲ့ ကျမ ထိုင်းနိုင်ငံကို ၁၉၉၁ ခု ဧပြီလမှာ ကျမ ရောက်သွားတယ ်။ ပြီးတော့ ထိုင်းနိုင်ငံ နယ်စပ်ဖက်မှာရှိနေတဲ့ အဖွဲ့အစည်း ပေါင်းစုံကို ကျမ လေ့လာတယ်။ အမျိုးသမီးပေါင်းများစွာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေရဲ့ အကျိုး မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုမှာ အမျိုးသမီးတွေ ပါဝင်ဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်တွေနဲ့ အမျိုးသမီး အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဖို့ ကြိုးစားတယ်။ ၁၉၉၅ ခုနှစ်မှာ ကျမက တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီးများညီလာခံကို တက်ခွင့်ရခဲ့တာကို အဲဒီညီလာခံက ကျမကို အများကြီး တွန်းအား ပေးသလို ဖြစ်တယ်။ ၁၉၉၈ ခုနှစ်မှာ ကျမ ရခိုင်အမျိုးသမီးများ အစည်းအရုံးကို စတင်ဖွဲ့စည်းတယ်။ ပြီးလို့ရှိရင် ၁၉၉၉ ခုနှစ်မှာပဲ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံဆိုပြီးတော့ ကျမ ဖွဲ့စည်းတယ်။ ဆိုတော့ နိုင်ငံတကာကိုသွားတယ်။ ကုလသမဂ္ဂထိပါပဲ။ အမတို့နဲ့အတူ တိုင်းရင်းသား အမျိုးသမီးတွေ ကလည်း ကျမတို့ မြန်မာနိုင်ငံ ပြောင်းလဲလာအောင် ကျမတို့က တွန်းအားပေးတယ်။ ပြည်ပကနေပြီးတော့ပေါ့။

မေး။   ။ အမျိုးသမီးတစ်ယောက်အနေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းထဲကို ဝင်ဖို့ဆိုတာက ဘယ်သူမှ သိပ်ပြီးတော့ ထင်မထားတဲ့အရာတွေလေ။ အဲဒီတော့ အဲဒီလိုမျိုး ဝင်ဖြစ်ခဲ့တဲ့အခါမှာ ဆရာမ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။ ဘယ်လိုအတွေ့အကြံုတွေ တွေ့ရလဲ။

ဖြေ။    ။ ကျမစိတ်ထဲမှာ ဘယ်လိုခံစားချက် ရှိသလဲဆိုရင် တော်လှန်ရေးရဲ့ သဘောသဘာဝဟာ ပန်းခင်းလမ်းမဟုတ်ဘူး။ ကြမ်းတမ်းမယ်၊ ခက်ထန်မယ်ဆိုတာကို ကျမ လုံးဝသိတယ်။ သိရဲ့သားနဲ့ ကျမ သွားလိုက်တာ။ တော်လှန်ရေးကို ရောက်သွားတော့ ပျော်တယ်။ ဒါပေမယ့် ကျမတို့မှ ဝတ်ရ စားရတာ အဝတ် မလုံခြံုတာရှိတယ်။ စောင် မလုံခြံုတာရှိတယ်။ ကျမတို့က အစားအသောက် တအားခေါင်းပါးတယ်။ ကျမတို့ ထမင်းငတ်တာတွေနဲ့လည်း ကြံုခဲ့တယ်။ သားကောင်တွေ ရလို့ရှိရင် လည်း ဆီမရှိ ဆားမရှိပဲနဲ့ တောကနေရတဲ့ သစ်မြစ်သစ်ဥတွေနဲ့ပဲ အသားကို ပြုတ်ပြီးတော့ စားရတဲ့ ဘဝတွေကိုလည်း ကျမ ကြံုခဲ့ရတယ်။ တခါတခါ ဖျားလာလို့ရှိရင်လည်း ကျမကို ကူမယ့်သူက အနီး အနားမှာ မရှိဘူး။ ကျမရဲ့ လုံခြံုရေးအရ အမျိုးသားတွေကိုလည်း အမြဲတမ်း ကျမရဲ့တဲကို လာခွင့်မရှိ ဘူးပေါ့။ အနည်းဆုံးက ကိုယ်ရည်မှန်းထားတဲ့ အဆင့်တစ်ခုခုကို ရောက်တဲ့အခါမှာ တိုင်းပြည်ကို ဝင်ဖို့ပေါ့လေ။

မေး။   ။ ဆရာမအကြောင်းကို လေ့လာကြည့်တဲ့အခါမှာ ဆရာမက အရင်တုန်းက အလယ်တန်းပြ ဆရာမနော်။

ဖြေ။    ။ ဟုတ်ပါတယ်။ ပထမတုန်းကတော့ မူလတန်းဆရာမလုပ်တယ်။ ပြီးတော့ မူလတန်း ကျောင်းအုပ် လုပ်တယ်။ ပြီးမှပဲ အလယ်တန်းဆရာမလုပ်တယ်။ နောက်ပြီ းမထွက်ခင်မှာ တွဲဖက် အထကဆရာမအနေနဲ့ စာပြနေခဲ့တာပေါ့။

မေး။   ။ အဲဒီတော့ ဒီနိုင်ငံရေးကိစ္စတွေကို ဆရာမ မလုပ်ခင်တုန်းက ဒေါ်စောမြရာဇာလင်းက ဘယ်လို အမျိုးသမီးမျိုးလဲရှင့်။

ဖြေ။    ။ ကျမကလည်း ဆံပင်အရှည်ကြီးနဲ့ တကယ့်ကို မြန်မာ့ယဉ်ကျေးမှုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတဲ့ အိကျႌလက်ရှည်တွေ ဝတ်တဲ့ ကျောင်းဆရာမတစ်ယောက်ပေါ့။ တော်တော်ကို မြန်မာဆန်ဆန်ရှိ ပါတယ်။ အလှူအတန်းတွေလည်း ရက်ရောတယ်။ နာမည်ကတော့ ဒီနာမည်မဟုတ်ဘူးပေါ့။ မိဘနှစ်ပါး ပေးခဲ့တဲ့ နာမည်ကတော့ မြအေးသိန်းဆိုပြီးတော့ ကျမကို ပေးခဲ့ဖူးပါတယ်။ အရမ်းကို စာပေဝါသနာပါတယ်။ ကဗျာတွေရေးတယ်။ အနုအရွတွေကို အင်မတန်မှ စိတ်ဝင်စားပါတယ်။ ကဗျာတို့ ဝတ္ထုတို့ ရေးပါတယ်။ တစ်ခါတစ်လေပေါ့။ ကျမရည်မှန်းချက်က မြန်မာစာ ဆရာမကြီး တစ်ယောက် ဖြစ်ဖို့အတွက်ပဲ ကျမ မှန်းခဲ့တာပါ။

မေး။   ။ ဆရာမက တစ်ချိန်က လက်နက်ကိုင်ပြီးတော့ တော်လှန်ခဲ့တဲ့သူပေါ့နော်။ ဒါပေမယ့် အခုချိန်မှာ ဆရာမ ငြိမ်းချမ်းရေးကိစ္စရပ်တွေကို လုပ်နေရပြီ။ အဲဒီတော့ ဆရာမ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆုရထားတယ်လို့လည်း ကြားရပါတယ်။ ပြီးတော့ တခြားသောဆုတွေလည်း ဆရာမ ရထားတာ ရှိတယ်လို့ သိရပါတယ်။ အဲဒီတော့ ဆရာမ ဆု ဘယ်နှစ်ဆုလောက် ရထားလဲရှင့်။

ဖြေ။    ။ ငြိမ်းချမ်းရေးအနေနဲ့ ရထားတာက ၂ ဆုပါ။ ပြီးတော့ ယက္ခတိ ရှေ့ဆောင်ဆုဆိုတာက တစ် ဆုပေါ့။ အဲဒါက ရွှေတံဆိပ်ဆုပါ။ အားလုံး ဆုကတော့ ၃ ဆု လက်ထဲကို ရောက်ပါပြီ။ တိုင်းရင်းသား တွေ ဂုဏ်ပြုထားတာလည်း ရှိပါသေးတယ်။ ငွေတံဆိပ်ပါ။

မေး။   ။ အခုလက်ရှိ လက်တလော လှုပ်ရှားနေတာက အမျိုးသမီးကိစ္စတွေရယ် ငြိမ်းချမ်းရေး ကိစ္စ ရပ်တွေရယ်ပေါ့။

ဖြေ။    ။ ဟုတ်ပါတယ်။ ကျမကတော့ အမျိုးသမီး ကိစ္စနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို တစ်ဖက်နဲ့ တစ်ဖက်မှာ ဒွန်တွဲပြီးတော့ လုပ်ပါတယ်။ ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ပါလာတာကတော့ ၂၀၁၃ ခုနှစ်မှာ စတင်ကြိုးစားခဲ့ပါတယ်။ ဒါမတိုင်ခင်ကတော့ ကျမတို့က မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် ဆိုပြီး WDEG လို့ခေါ်တဲ့ မူဘောင်ရေးဆွဲရေး အဖွဲ့တစ်ခု၊ အဲဒီမှာလည်း အမျိုးသမီးတစ်ယောက် အနေနဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

မေး။   ။ အဲဒီအထဲမှာမှ ဆရာမအနေနဲ့ အချိန်တွေလည်း ကြာလာပြီဆိုတော့ ဆရာမရဲ့ ကျေနပ် အားရမှု အပိုင်းက ဘယ်လိုရှိလဲရှင့်။

ဖြေ။    ။ အခုလိုမျိုး တိုင်းပြည်အတွက် လူမျိုးအတွက်ကို ကျမစဉ်းစားလာတာကတော့ စစ်ကို စစ်နဲ့ ဖြေရှင်းလို့ကတော့ ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ အဲဒါကြောင့်မို့ စစ်ကို မတိုက်ပဲ ကျမတို့မြန်မာနိုင်ငံ မှာ ဖြစ်နေတဲ့ ပြဿနာဟာဆိုရင် နိုင်ငံရေးပြဿနာဖြစ်တယ်။ အဲဒီနိုင်ငံရေးကို စာပွဲခုံပေါ်မှာ တင်ပြီး တော့မှ အဖြေရှာပြီး စဉ်းစားရအောင် ကျမတို့က အမြဲတမ်းလည်း တောင်းဆိုလာခဲ့တယ်။ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာဆိုလို့ရှိရင် နိုင်ငံရေးကို ဆွေးနွေးဖို့ရာအတွက် လမ်းစတစ်ခုကို ဖွင့်ပေးလာ တယ်။ အဲဒီလမး်စကို ကျမအနေနဲ့ ကြိုးစားပမ်းစား လုပ်ရတာဆိုရင် စစ်မြေပြင်မှာ စစ်တိုက်ရတာ ထက် ကျမ ကျေနပ်တယ်။ အဲဒါကြောင့်မို့ ဒီလမ်းကို မပိတ်သွားဖို့ အရေးကြီးတယ်။ အမျိုးသမီးတွေက လှုပ်ရှားမှုတွေမှာ တော်တော် ပါလာတာကတော့ အားရစရာတော့ရှိပါတယ်။ ဒါပေမယ့် အများကြီး သင်တန်းတွေ လိုပါသေးတယ်လို့ ကျမမြင်တယ်။

မေး။   ။ ဆရာမ မိသားစု စုစုပေါင်း ဘယ်နှစ်ဦးရှိတယ်ဆိုတာလည်း ပြောပြပေးပါဦး။

ဖြေ။    ။ ဟုတ်ကဲ့ပါ။ ကျမကို မွေးဖွားပေးခဲ့တဲ့ မိဘနှစ်ပါးနဲ့ ကျမနဲ့ သုံးယောက်ပဲရှိပါတယ်။ အခုလောလောဆယ်မှာတော့ ကျမက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အိမ်ထောင်ကျပြီးတော့မှ သားတစ်ယောက် သမီးတစ်ယောက်ရှိပါတယ်။

မေး။   ။ ဒီတော့ နိုင်ငံရေးကိစ္စရပ်တွေကို လုပ်ဆောင်နေတဲ့အခါမှာ မိသားစုကရော ဘယ်လို သဘောထားအမြင် ရှိလဲရှင့်။

ဖြေ။    ။ တစ်ခါတစ်ခါတော့ အခက်အခဲရှိပါတယ်။ ကျမက နိုင်ငံရေးထဲမှာပဲ စောင်းပေးပြီးတော့ နေရတဲ့အချိန်မှာ ကလေးတွေကို အမေနဲ့ ကလေးထိန်းနဲ့ ထားရတဲ့အချိန်တွေရှိတယ်။ ပြီးလို့ရှိရင် ကျမရဲ့ အမျိုးသားကိုယ်နှိုက်ကလည်း နိုင်ငံရေးထဲမှာ မလုပ်ပေမယ့်လို့ လူမှုရေး တအားလုပ်တယ်။ သူလည်း ခရီးထွက်ရတယ်။ တစ်ခါတစ်ခါ သားလေးက ပြောတယ် အမေကတော့ သားသမီးတွေကို သတိရရဲ့လား ။ နိုင်ငံခြားမှာအနေများတယ်ဆိုတဲ့ ကလေးတွေရဲ့ ငြိုငြင်မှုတွေလည်း ခံရတယ်။ ဒါပေမယ့် အမေတစ်ယောက်အနေနဲ့တော့ ကလေးတွေကို အမြဲတမ်း သတိရနေတယ် အိမ်ကို သတိရနေတယ် ဒါပေမယ့် နိုင်ငံရေးက မပြီးဆုံးသေးဘူးလေ။

မေး။   ။ ဆရာမအနေနဲ့ အရုန်းကန်ခံရဆုံး အမှတ်အရဆုံး အခြေအနေက ဘယ်အခြေအနေမျိုးလဲရှင့်။

ဖြေ။    ။ ဟုတ်ကဲ့ပါ။ ကျမ ၁၉၉၀ ဝန်းကျင်မှာ အဲဒီအချိန်မှာ ကျမလက်တွင်းမှာ ပိုက်ဆံက ၁၀ ပဲရှိ တယ်။ အဲဒီ ကျမနေတဲ့ ကျမတို့ စခန်းကနေပြီးတော့ ရှစ်နာရီ ခြေလျင်လျှောက်လို့ရှိရင် ကားဂိတ်ကို ရောက်တယ်။ ကားစီးလို့ရတဲ့နေရာကိုရောက်တယ်။ ကားကို ၈ ကျပ်ဖိုး စီးလိုက်လို့ရှိရင် ရခိုင်တွေနေ တဲ့ ကော့ပဇား ဆိုတဲ့နေရာကိုရောက်တယ်။ အဲဒါဆိုတော့ ပိုက်ဆံ ၂ ကျပ်က ကျမလက်ထဲမှာရှိတယ်။ အဲဒီ ၂ ကျပ်ဖိုးကို ကျမ လက်ဖက်ရည်လေး သောက်လိုက်လို့ရှိရင် နောက်ထပ် သွားနိုင်ဖို့အတွက် ကျမ အားရှိတာပေါ့။ အဲဒါကြောင့် ကျမ ပိုက်ဆံတစ်ဆယ်ကို သိမ်းထားခဲ့ရတဲ့ တစ်နှစ်လောက်ကာလ ကိုလည်း ကျမ ဖြတ်သန်းခဲ့ရပါတယ်။

မေး။   ။ အမျိုးသမီးထုကို ဆရာမ ဘာများ ပြောချင်ပါသေးလဲရှင့်။

ဖြေ။    ။ ဟုတ်ကဲ့ ကျမ အမျိုးသမီးထုကို ပြောချင်တာကလေ ၊ ကျမရဲ့ ဖြတ်သန်းမှု ဘဝတွေကို နားထောင်ပြီးတော့မှ ကြောက်လန့်ပြီးတော့မှ ငြီးငွေ့မသွားဖို့ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ ထိုက်တန်တဲ့ အလုပ်ဖြစ်တယ်။ နိုင်ငံမှာ နေတဲ့လူတိုင်းဟာ နိုင်ငံကို စိတ်ဝင်စားဖို့လိုတယ်။  နိုင်ငံရဲ့ တိုးတက် ကောင်းမွန်ဖို့ နိုင်ငံရေး ပြောင်းလဲဖို့ဆိုတာ လူတိုင်းက လုပ်ပေးရမယ့် တာဝန်ရှိတယ်။ လုပ်နိုင်ရည်ရှိတဲ့ အမျိုးသမီးများစွာ ပေါ်ထွန်းလာဖို့အတွက်လည်း ကြိုးစားကြပါ။ အမျိုးသမီးတိုင်း နိုင်ငံနဲ့ ထိုက်တန်တဲ့ လူတိုင်း မဖြစ်နိုင်သည့်တိုင်အောင်မှ ထိုက်တန်တဲ့ အမျိုးသမီးပေါင်းများစွာ ပေါ်ထွန်းလာပါစေလို့ ကျမ ဆုတောင်းပါတယ်။     ။

Mizzima Weekly