တောင်ကိုရီးယားဘက် ထွက်ပြေးတဲ့ မြောက်ကိုရီးယားစစ်သားကို နောက်ကနေ အသဲအသန်လိုက်ပစ်ကြတဲ့ ဗီဒီယို ထွက်ပေါ်

တောင်ကိုရီးယားဘက် ထွက်ပြေးတဲ့ မြောက်ကိုရီးယားစစ်သားကို နောက်ကနေ အသဲအသန်လိုက်ပစ်ကြတဲ့ ဗီဒီယို ထွက်ပေါ်

 

နိုဝင်ဘာ ၂၂ ။                 ။ နယ်စပ်ကိုဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံထဲ ထွက်ပြေးခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတစ်ဦးကို အခြား စစ်သားတွေက နောက်ကနေ အသဲအသန် လိုက်လံပစ်ခတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု နိုဝင်ဘာ ၂၁ ရက်မှာ ထွက်ရှိလာခဲ့ပါတယ်။ ယင်းဗီဒီယိုထဲမှာတော့ မြောက်ကိုရီးယားစစ်သားတစ်ဦး နောက်ကနေ လိုက်ပစ်နေတဲ့ကြားနေ နယ်စပ်ကို ဖြတ်ပြီး တစ်ဘက်နိုင်ငံထဲ လွတ်အောင် ပြေးသွားနိုင်ခဲ့ပုံကို ပြသထားတာဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က နှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျွန် အပစ်ရပ်ကျေးရွာမှာ ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်မှာ ပြည်ပြေး မြောက်ကိုရီးယားစစ်သားဟာ တစ်ခြားစစ်သားတွေရဲ့ လိုက်လံပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာတွေ အပြင်းအထန် ရခဲ့တယ်လို့ သိရပါတယ်။

၎င်းဟာ နောက်ကနေ လိုက်ပစ်နေတဲ့ကြားကနေ တစ်ဘက်နိုင်ငံဘက်ခြမ်းထဲကို ရောက်အောင် ပြေးသွားနိုင်ခဲ့ပြီး ယင်းနောက် တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေက လာရောက်ခေါ်ဆောင်သွားနိုင်ခဲ့လို့ အသက်ဘေးကနေ ကံကောင်းထောက်မစွာ လွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။

၎င်းစစ်သားဟာ ယခုအခါ တောင်ကိုရီးယား ဆေးရုံတစ်ခုမှာ တက်ရောက်ကုသနေရင်း ဒဏ်ရာတွေကနေ ပြန်လည် သက်သာလာနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

၎င်းမြောက်ကိုရီးယား စစ်သား ထွက်ပြေးခဲ့ပုံကို ပြသထားတဲ့ ဗီဒီယိုတစ်ခုကို အမေရိကန် ဦးဆောင်တဲ့ ကုလကွပ်ကဲမှုဌာန UNC ကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ ၎င်းစစ်သား မောင်းလာတဲ့ ကားတစ်စီး ပန်မွန်ဂျွန် ရွာဆီ ဦးတည်မောင်းနှင်လာတာကို ပြသထားပြီး ယင်းနောက် နယ်စပ်တစ်နေရာက ၎င်းဟာ ကားထဲကနေ ထွက်ပြီး ကသောကမြော ထွက်ပြေးခဲ့တာဖြစ်ပါတယ်။ ၎င်းကိုတော့ တစ်ခြား မြောက်ကိုရီးယားစစ်သားတွေက နောက်ကနေလိုက်ပစ်ခဲ့ကြတာဖြစ်ပါတယ်။

ပစ်ခတ်ခံရလို့ ဒဏ်ရာအပြင်းအထန် ရသွားခဲ့တဲ့ ၎င်းစစ်သားကိုတော့ တောင်ကိုရီးယားစစ်သားတွေက နယ်စပ် နယ်နမိတ်လိုင်းအနားထိ လာရောက်ဆွဲယူ ခေါ်ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။

မြောက်ကိုရီးယားစစ်သားတွေ အဆိုပါ ပန်မွန်ဂျွန် ရွာကနေတဆင့် တစ်ဘက်နိုင်ငံထဲ ထွက်ပြေးတဲ့ ဖြစ်စဉ်မျိုးက ယခင်က ဖြစ်လေ့ဖြစ်ထမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ အဆိုပါ ကျေးရွာလေးကတော့ နှစ်နိုင်ငံနယ်စပ် ခရီးသွားတွေ အများစုလာရောက်တတ်တဲ့ နေရာတစ်ခုဖြစ်သလို နှစ်ဘက် စစ်တပ်တွေအကြား မျက်နှာချင်းဆိုင် ရှိနေတဲ့ နယ်စပ်နေရာတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly