နိုင်ဂျီးရီးယားဗလီတစ်ခုတွင် ဆယ်ကျော်သက် အသေခံဗုံးခွဲသမား၏ လက်ချက်ကြောင့် လူပေါင်း ၅၀ခန့်သေဆုံး

နိုင်ဂျီးရီးယားဗလီတစ်ခုတွင် ဆယ်ကျော်သက် အသေခံဗုံးခွဲသမား၏ လက်ချက်ကြောင့် လူပေါင်း ၅၀ခန့်သေဆုံး

 

ကာနို၊ နိုင်ဂျီးရီးယား၊ နို၀င်ဘာ ၂၂ ။              ။ နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ ဗလီတစ်ခု၌ အင်္ဂါနေ့က ဆယ်ကျော်သက်အရွယ် အသေခံဗုံးခွဲသမား တစ်ဦး၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး ယင်းလုပ်ရပ်မှာ ဘိုကိုဟာရမ်ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

အဒမ်မာဝါပြည်နယ် မူဘီမြို့ရှိှ အန်ဂူဝါရှုဝါအရပ်မှ မက်ဒီနာဗလီ၌ မနက်ခင်းဝတ်ပြုဆုတောင်းနေချိန်တွင် ယခုလိုဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုသည် လွန်ခဲ့သော ၂၀၁၆ ဒီဇင်ဘာလက အဒမ်မာဝါပြည်နယ်၌ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ပြီးနောက်တွင် အကြီးမားဆုံးတိုက်ခိုက်မှုတစ်ခုလည်းဖြစ်သည်။ ပြီးခဲ့သောနှစ် ဒီဇင်ဘာလက မာဒါဂါလီမြို့၏ လူစည်ကားသောစျေးထဲ၌ အသေခံဗုံးခွဲသူ အမျိုးသမီးနှစ်ဦး၏လက်ချက်ကြောင့် လူပေါင်း ၄၅ဦးခန့်သေဆုံးခဲ့ရ ဖူးသည်။

လွန်ခဲ့သော ၂နှစ်နီးပါးခန့်က ဘိုကိုဟာရမ်အဖွဲ့သည် နည်းဗျူဟာအရ အရေးနိမ့်သွားပြီဟု ကြေညာခဲ့ဖူးသည့် နိုင်ဂျီးရီးယားသမ္မတ မူဟမ်မာဒူဘူဟာရီက အင်္ဂါနေ့ကဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲ တိုက်ခိုက်မှုသည် အလွန် ရက်စက်ပြီးယုတ်မာသော လုပ်ရပ်ဖြစ်ကြောင်း ရှုံ့ချပြောဆိုခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်းဒေသရှိ အစိုးရစစ်တပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ၏အဆိုအရ ယခုတိုက်ခိုက်မှုသည် ဘိုကိုဟာရမ်အဖွဲ့အပေါ် မြေပြင်နှင့်ဝေဟင်ထိုးစစ်များဖြင့် နှိမ်နင်းနေသည့်အတွက် လက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

အဒမ်မာဝါပြည်နယ်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အသေခံဗုံးခွဲသူသည် ၀တ်ပြုဆုတောင်းနေသူများ ကြားထဲ၌ သူ၏ကိုယ်ပေါ်မှဖောက်ခွဲရေးပစ္စည်းများကို ဖောက်ခွဲခဲ့သောကြောင့် လူ ၅၀ ထက်မနည်းသေဆုံးခဲ့ ကြောင်း အတည်ပြုခဲ့သည်။

“ဗုံးခွဲသူဟာ အသက် ၁၇ နှစ်လောက်ပဲရှိသေးတဲ့ လူငယ်လေးတစ်ဦးပါ” ဟု သူက ဖြည့်စွက်ပြောဆိုခဲ့ပြီး “ ကျနော်တို့အားလုံး ဒီလိုလုပ်ပုံကိုင်ပုံမျိုးကိုသိပါတယ်။ ဒီတိုက်ခိုက်မှုအားလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်နေ သူတွေကိုလည်း ကျနော်တို့သိပါတယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly