မြန်မာနိုင်ငံအနေဖြင့် မြေငလျင်ကို အမြဲသတိထားရန် လိုအပ်ဟုဆို

မြန်မာနိုင်ငံအနေဖြင့် မြေငလျင်ကို အမြဲသတိထားရန် လိုအပ်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ။          ။ အင်အားပြင်းငလျင် လှုပ်နိုင်ခြေရှိ ၊မရှိ ခန့်မှန်း ၍ မလွယ်ကူသောကြောင့် မြန်မာနိုင်ငံအနေဖြင့် မြေငလျင်ကို သတိအမြဲထားရန်လိုအပ်ကြောင်း မြေငလျင်ဆိုင်ရာ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်း ကအကြံပြုပြောဆိုလိုက်သည်။

လာမည့် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း အားပြင်းငလျင် အကြီးအကျယ် လှုပ်နိုင်သည်ဟု နိုင်ငံတကာ သိပ္ပံပညာရှင်များက ခန့်မှန်းသတိပေးချက်နှင့် ပတ်သက်ပြီးပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ငလျင်အကြီးအကျယ်လှုပ်မည့် လက္ခဏာများမတွေ့ရသေးသော်လည်း “ စစ်ကိုင်းပြတ်ရွေ့ဆိုရင်လည်း ပဲခူးမှာ ဆိုရင်လည်း မလှုပ်ခဲ့တာနှစ်ပေါင်း ၈၀ ကျော်နေပြီပေါ့။ ပြန်ဖြစ်နိုင်ခြေကအချိန်ပြည့်ရှိနိုင်တယ်။ ၂၀၁၈ ရယ်လို့ လည်း မဟုတ်ဘူး။ ဒီနှစ်လည်း လှုပ်ချင် လှုပ်နိုင်တာပဲပေါ့။ ဆိုလိုတာက ငလျင်ဆိုတာ အဲ့ဒီလို ခန့်မှန်းလို့ရတဲ့ အပိုင်းတော့မဟုတ်ဘူး “ ဟု ဦးစိုးသူရထွန်းကပြောသည်။

လက်ရှိအချိန်တွင် ကမ္ဘာကြီး၏ လည်ပတ်မှုအရှိန် အနည်းငယ် နှေးသွားခြင်းက ပြင်းထန်သည့် မြေငလျင် လှုပ်ရှားမှုများ ဖြစ်လာလိမ့်မည်ဟု နိုင်ငံတကာပညာရှင်များက ယုံကြည်နေကြခြင်းဖြစ်သည်။

ထို့အပြင် မြေအောက်စွမ်းအင် ပမာဏကြီးကြီးမားမား ထုတ်လွှတ်မှုနှင့်လည်း ဆက်စပ်နေနိုင်သည်ဟု ပညာရှင်းများကငြင်းခုံနေကြကြောင်း Time သတင်းစာတွင်ရေးသားထားသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်မည်ဆိုပါက စစ်ကိုင်းပြတ်ရွှေ့ကြောတစ်လျောက်ဖြစ်ပေါ်နိုင်ပြီး အဆိုပါငလျင်ကြောပေါ်ရှိ မြို့ကြီးများအနေဖြင့်လည်း သတိထားသင့်ကြောင်း မြေငလျင်ဆိုင်ရာ ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်း ကအကြံပြုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် အဆောက်အဦများကို ငလျင်ဒဏ်ခံနိုင် အောင် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းလည်းဆိုသည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်တွင်  ပြင်းအား ၆.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာတို့၏ ယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံဒေသရှိ ဘုရားအဆူပေါင်း ၁၉၀ ကျော် ပျက်စီးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly