ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၂)

ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၂)

 

မေး။   ။ ဒေါက်တာ Sanjiv ကလည်း အိန္ဒိယမှာ ကျောက်ကပ် ခွဲစိတ်ခဲ့တာဆိုတော့ ဘယ်လောက် အတိုင်းအတာအထိ အောင်မြင်ပါသလဲ ။

ဖြေ။    ။ နံပါတ်တစ်က အောင်မြင်မှု ရှိပါတယ် ။ တစ်နှစ်ကြာတဲ့အခါ ပြန်ကြည့်တဲ့အခါမှာ သူတို့က ၁၀၀ ရာခိုင်နှုန်း အသက်ရှည်တယ်။ ငါးနှစ်ကြာတဲ့သူကို ပြန်ကြည့်တဲ့အခါမှာ ၉၅ ရာခိုင်နှုန်းလောက် အထိ ကောင်းတယ်။ ၁၀ နှစ်ကြာတဲ့သူကို ပြန်ပြီးတော့ လုပ်တဲ့အခါကျတော့ ဒါကတော့ ဒီကျောက်ကပ်ပျက်တာ ဆီိးချိုကြောင့်လား ဆီးချိုမဟုတ်တဲ့အတွက်ကြောင့်ပေါ် မူတည်ပြီးတော့ ၈၀ ရာခိုင်နှုန်းလောက်တော့ အောင်မြင်မှုရှိပါတယ်။

မေး။   ။ အဆင့် ၅ ဆင့် ရှိတဲ့အထဲမှာ အဆင့်သုံးဖြစ်ပါတယ် ၊ ကျောက်ကပ်ဆေး သောက်နေရပါတယ် ပျောက်ပါ့မလား ။

ဖြေ။    ။ နံပါတ်တစ်က အဆင့် ၃ ဆိုတဲ့နေရာမှာ အဆင့် ၃ ကနေပြီးတော့ အဆင့် ၄ ကို မရောက်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီအခါမှာ ပျောက်မလားဆိုတာကတော့ အဆင့် ၃ ရောက်သွားပြီဆိုတော့ တော်တော်လေး ခဲယဉ်းပါတယ်။ အဲဒီအခါမှာ ဘာလုပ်ရမလဲဆိုတော့ အဆင့် ၃ ကနေပြီးတော့ ၄ ကိုမရောက်ဖို့က အရေးကြီးပါတယ်။ အဲဒီအခါကျရင် အဲဒီ အဆင့် ၃ ရောက်ရတဲ့ အကြောင်းအရင်းက ဘာလဲပေါ့။ နံပါတ်တစ်က။ ဆီးချိုကြောင့်လား။ သွေးတိုးကြောင့်လား၊ အခြားအကြောင်းကြောင်းကြောင့်လားဆိုတာ ပထမဆုံး ရှာရမယ်။ ရှာပြီး ဥပမာဆိုကြပါစို့ ဆီးချိုကြောင့်ဆိုရင် ဆီးချိုကို သေချာထိန်းရမယ်။ သွေးတိုးကြောင့်ဆိုရင် သွေးပေါင်ချိန်ကို တစ်ခါတည်း သတ်မှတ်ထားတဲ့ ၁၃၀ - ၈၀ ထိ ထိန်းနိုင်အောင် ကျွန်တော်တို့က ကြိုးစားရမယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့က ဆီးချိုဆိုလို့ရှိရင် ဆီးချိုရဲ့ Normal ရောက်အောင် သူက ထိန်းနေ ရမယ်။ အဓိကက ပျောက်ဖို့ မပျောက်ဖို့ထက် stage 3 ကနေပြီးတော့ stage 4ကို မရောက်ဖို့က အလွန်အင်မတန်မှ အရေးကြီးပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဖြစ်တဲ့အကြောင်းအရင်းကို ရှာပြီးတော့ ခုနကပြောတဲ့ Stage ကို မရောက်အောင်လို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာပြီးတော့ ကုသဖို့ လိုပါတယ်။

မေး။   ။ ဘယ်လိုမျိုး လူမျိုးက ကုသရ အခက်ဆုံးလဲ။ ဥပမာ ကုသတာပဲဖြစ်ဖြစ် ကျောက်ကပ် အစားထိုး လဲလှယ်တာပဲဖြစ်ဖြစ် ဘယ်လိုမျိုးလူက အခက်အခဲဆုံး ဖြစ်မလဲ ။

ဖြေ။    ။  အဓိကကတော့ ကလေးငယ်ပေါ့။ နောက်တစ်ခုက ဘာလဲဆိုရင်တော့ ကိုယ်ဝန်ဆောင်တဲ့ လူတွေပါ ။ ကျွန်တော် ထပ်ဆင့် ပြောချင်တာကတော့ ကျောက်ကပ် အစားထိုး လုပ်တဲ့နေရာမှာ လူနာဟာ ဆရာဝန်ရဲ့စကားကို နားထောင်ဖို့ အရေးကြီးပါတယ်။ ဥပမာဆိုကြပါစို့ ကျောက်ကပ် အစားထိုးလို့ရှိရင် ကျွန်တော်တို့က သတ်မှတ်ထားတဲ့ဆေးရှိတယ်။ ဘယ်လိုသောက်ရမယ် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေရှိတယ်။ ရှောင်ရမှာတွေရှိတယ်။ အဲဒီအချိန်တိုင်းမှာ တိတိကျကျ လိုက်နာမှသာလျင် ဒီ ထိန်းထားတဲ့ ကျောက်ကပ်က သူ့ရဲ့ သက်တမ်းစေ့ နေနိုင်မယ်။ ဆရာဝန်ရဲ့ ပြောစကားကို နားမထောင်ဘူး။ ဆရာဝန်က ဒါလုပ်ဆိုရင် ဟိုဟာလုပ်တယ်။ အဲဒီလိုမျိုး လုပ်လို့ရှိရင် ကျောက်ကပ်က သက်တမ်းစေ့နေနိုင်ဖို့ တော်တော်လေး ခက်ပါတယ်။ အဲဒီတော့ အဓိက ကတော့ ကျောက်ကပ်အစားထိုးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ရေရှည်တည်တံ့ဖို့ဆိုရင် လူနာဟာ ဆရာဝန်ရဲ့စကားကို တိတိကျကျ လိုက်နာဖို့က အရေးကြီးဆုံးလို့ ထင်ပါတယ်။

မေး။   ။ အသက် ၈၂ နှစ်ရှိပါပြီ ဆီးကျိတ် ခွဲဖူးပါတယ်။ ၃ လလောက် ရှိသွားပါပြီ။ အခု ဆီးတစ်နေ့ ၁၄ ကြိမ်လောက် သွားနေပါတယ် ၊ ဆီးသွားရင်လည်း ကြာပါတယ် ၊ ဘယ်လိုလုပ်ရမလဲဆိုတာ ဖြေကြား ပေးပါ ။

ဖြေ။    ။ နံပါတ်တစ်ကတော့ ဆီးကျိတ်ကတော့ ခွဲပြီးပြီ။ ခွဲပြီးသွားတော့ ဆီးကျိတ်သည် ပြန်ပြီးတော့ လည်း ကြီးနိုင်ပါတယ်။ ဆီိးကျိတ်ကို ခွဲပြီးတဲ့အခါမှာလည်း အသက်ကို ပြန်ကြည့်မယ်ဆိုရင် အသက် က ၈၂ နှစ် အဲဒီတော့ လောလောဆယ်ဆယ် အားဖြင့်တော့ ဒီအသက်အရွယ်မှာ ဆီးကျိတ်တင် မက ဘူး အသက်အရွယ်အားဖြင့် တခြားရောဂါတွေလည်း ရှိနိုင်စရာ အကြောင်းရှိပါတယ်။ ဒုတိယအကြိမ် ခွဲရတဲ့လူတွေလည်း ရှိပါတယ်။ ကျွန်တော်က ဒါကို အကောင်းဆုံးကတော့ သက်ဆိုင်ရာ ဆီးနဲ့ ကျောက်ကပ် ဆရာဝန်ကြီးကို ပြန်ပြ။ နောက်တစ်ခုက ဆေးနဲ့ပဲ သွားလို့ရမလား ဘာဖြစ်လို့လဲဆို တော့ ဆီးကျိတ်ကလည်း သူ့ရဲ့ အရွယ်အစားကလည်း ရှိသေးတာကိုး ။ အဲဒီအခါမှ ဆေးနဲ့ပဲ ဆက်သွား လို့ရမလား ခွဲစိတ်ကုသဖို့လိုမလား။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းဆိုရင် ဆီးကျိတ်ကို ခွဲတဲ့နေရာမှာ ဆေးတွေက အမျိုးမျိုး ပေါ်လာပါပြီ။ အဲဒီတော့ အကောင်းဆုံးကတော့ သက်ဆိုင်ရာ ဆီးနဲ့ ကျောက်ကပ် အထူးကုဆရာဝန်ကို ပြပါ။ ဆီးကျိတ်ရဲ့အရွယ်အစားက ဘယ်လောက်ရှိပြီလဲ ဆိုတာ ပြန်ကြည့်မယ်။ ကြည့်ပြီးတော့ ဒါဟာ ဆေးနဲ့ပဲရမလား၊ သို့တည်းမဟုတ် ခွဲစိတ်ကုသဖို့ လိုမလား၊ လိုရင်လည်း ခွဲစိတ်ကုသလို့ ရမလားဆိုတာကို ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ကျွန်တော် ထင်ပါ တယ်။

မေး။   ။ လူနာတစ်ယောက်က ကျောက်ကပ်မလဲခင် ဘယ်လိုမျိုး ပြုမူနေထိုင်သင့်သလဲ။လဲပြီးရင်ရော ဘယ်လိုမျိုး ပြုမူနေထိုင်သင့်သလဲ ဘယ်လိုအစားအစာတွေ စားသုံးသင့်တယ်ဆိုတာကို ဖြေပေးပါ ။

ဖြေ။    ။ နံပါတ်တစ်ကတော့ ကျွန်တော်ပြောတဲ့အတိုင်းပဲ မလုပ်ခင်မှာတော့ ထုံးစံအတိုင်း ဆီးချိုဆို ဆိီးချိုကို သေသေချာချာကုမယ်။ သွေးတိုးဆိုရင် သွေးတိုး သေချာလုပ်မယ်။ ဒါကတော့ ထုံးစံအတိုင်း သွားမှာပေါ့။ ကျောက်ကပ် အစားထိုးပြီးတဲ့အချိန်မှာ သူက Normal အတိုင်းပဲ ပြန်ဖြစ်သွားတယ်။ သို့သော်လည်း ဘာလဲဆိုတော့ ဆေးတွေသောက်ထားတဲ့အတွက်ကြောင့်မို့ နံပါတ်တစ်က ဘာလဲဆို တော့ အစားအသောက် စားတဲ့အခါမှာ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို စားဖို့လိုတယ်။ လူကောင်းတစ်ယောက်လိုပဲ သူစားလို့ရတယ်။ သို့သော် သန့်ရှင်းလတ်ဆတ်ရမယ်။ နောက်တစ်ခုက ဘာလုပ်ရမလဲဆိုရင် လူထဲကို သူသွားလို့ရတယ် ဒါပေမယ့် ပိုးမဝင်အောင် အတတ်နိုင်ဆုံး အရေးကြီးတယ်။ နောက်တစ်ခုက ရုပ်ရှင်သွားကြည့်မယ်ဆိုရင်လည်း ရုပ်ရှင်ထဲမှာက အားလုံးသိတဲ့အတိုင်းပဲလေ အဲဒီတော့ ရုပ်ရှင်သွားမယ့်အတူတူ အိမ်မှာပဲ နေသင့်ပါတယ်။ သူက Normal life ကိုတော့ သွားလို့ရတယ် ဒါပေမယ့် ပိုးမဝင်အောင်တော့ အထူး ဂရုစိုက်ရမယ်။ အဲဒါမျိုးတွေ ဖြစ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

မေး။   ။ ဆီးဆိပ်က ၂၅၀၀ ကျော်ပြီ ဆီးမသွားတော့ပဲ တစ်ကိုယ်လုံး ဖောရောင်လာပြီး အသက်ရှူ ကျပ်လာပါတယ် ကျောက်ကပ် မဆေးနိုင်လို့ ထိုးဆေးသောက်ဆေး စားနေရပါတယ် ဘာဆက်လုပ်ရ ပါမလဲ ။

ဖြေ။    ။ ဒါနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် ဆီးဆိပ် ၂၅၀၀ ဆိုတာဟာ တကယ့်တကယ် ပြောရမယ်ဆိုရင် အင်မတန်မှ အန္တရာယ်ရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ဒီအချိန်မှာ ထိုးဆေး သောက်ဆေးထက် နညး်နည်းလေး ကုသရန် ခက်ခဲလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒါကြောင့်မို့ အကောင်းဆုံး အကြံပေးချင်တာက ခုနက ပြောခဲ့တဲ့ ကျောက်ကပ်တု သွေးသန့်စင်နဲ့ ကုသခြင်းသည် အကောင်းဆုံးလို့ ကျွန်တော် အကြံပေးပါရစေ။

မေး။   ။ ကျောက်ကပ်လဲရင် ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ ။

ဖြေ။    ။  ဆရာဝန်တွေနဲ့ ဆေးရုံပေါ်မှာ အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ ကုန်ကျစရိတ် ကွဲပြားပါတယ်။ မြန်မာငွေ သိန်း ၁၀၀ ကနေ ၂၀၀ လောက်ထိ ကုန်ကျနိုင်ပါတယ်။ ဒါကတော့ ဆေးရုံနဲ့ ဆရာဝန်အပေါ်မှာ မူတည်ပြီးတော့မှ ကုန်ကျစရိတ် ဖြစ်ပါတယ်။  အိန္ဒိယနိုင်ငံက Dr. Sanjiv နဲ့ သွားကုမယ်ဆိုရင်တော့ သူ့ဆီမှာ သွားပြီးတော့ ကျောက်ကပ် အစားထိုးလဲလှယ်မယ်ဆိုရင်တော့ သိန်း ၂၀၀ လောက် ကုန်ကျနိုင်တယ်။ ကိုယ်ရွေးလိုက်တဲ့ ဆေးရုံနဲ့ ဆရာဝန်အပေါ်မှာလည်း မူတည်တယ်ပေါ့နော်။

မေး။   ။ ကျောက်ကပ် စဖြစ်နေပြီဆိုတဲ့ လက္ခဏာကို ဘယ်လိုသိနိုင်ပါသလဲ ။

ဖြေ။    ။ နံပါတ်တစ်ကတော ့ကျွန်တော် ခုနကလည်း ပြောပြီးပါပြီ။ တချို့တွေကတော့ ကျောက်ကပ် ဖြစ်နေတယ်ဆိုတာကို မသိဘူး။ မသိပဲနဲ့ ကျောက်ကပ် ဆိုးလာမှ သိလာတာတွေလည်း ရှိတယ်။ ပထမဆုံး သိနိုင်တဲ့ လက္ခဏာက ဘာလဲဆိုတော့ မျက်ခွံတွေ စရောင်လာတယ်။ အဲဒီကနေပြီးတော့ ခြေထောက်ပါ ရောင်လာတယ်။ စပြီးတော့ ရောင်တာကနေ စတာပေါ့။ အဲဒါကတော့ ပထမဦးဆုံး စသိရမယ့် လက္ခဏာပေါ့။ ဒါပေမယ့် တကယ့်တကယ် ပြောမယ်ဆိုရင်တော့ ကျောက်ကပ်ရောဂါကို ကျွန်တော်တို့က သိဖို့ဆိုရင်တော့ ပုံမှန် ဆေးစစ်ဖို့ အရေးကြီးတယ်။ အဲဒီအထဲမှာ ကျောက်ကပ် အတွက် အကောင်းဆုံးနဲ့ အလွယ်ဆုံးကတော့ ဆီးကို စစ်တာပဲ။ ဆီးထဲမှာ အသားဓာတ် ပါမပါပေါ့။ အသားဓာတ် ပါနေပြီဆိုရင် အသားဓာတ်က မရောင်ခင်ကတည်းက စပါတာကို။ အတော်များမှ ရောင်လာတာကိုး ။ အဲဒီတော့ အကောင်းဆုံးကတော့ ဘာခေါ်မလဲဆိုရင် ဆီးကို ပုံမှန် ၆ လတစ်ခါ စစ်လို့ အသားဓာတ် ပါလာပြီဆိုရင်တော့ ဒါ သေချာပြီ ကျောက်ကပ်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု တော့ ဖြစ်နိုင်ပြီဆိုတာ သိရတဲ့အတွက်ကြောင့်မိုလို့ ဒီတော့မှလည်း လိုအပ်တာတွေကို စမ်းသပ်ဖို့ ကောင်းတယ်လို့ ယူဆပါတယ်။ အဲဒီတော့ အကောင်းဆုံးကတော့ အမြဲတမ်း ၆ လတစ်ခါ စစ်ပါ။ စစ်တာ လွယ်ပါတယ်။ ဘယ်လောက်မှလည်း အကုန်အကျ မများပါဘူး။ ဆီးကို စစ်ပြီးတော့ ဆီိးထဲမှာ အသားဓာတ် ပါမပါ ကြည့်လိုက်ရင် သိပါတယ်။       ။

ကျောက်ကပ်ရောဂါ ဆိုတာ (အပိုင်း ၁)

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly