ချမ်းသာသာ၊ ဆင်းရဲရဲ သံဓာတ်ချို့တဲ့နိုင်တယ်

ချမ်းသာသာ၊ ဆင်းရဲရဲ သံဓာတ်ချို့တဲ့နိုင်တယ်

 

သင်ဟာ ချမ်းသာသည် ဆင်းရဲသည် ဖြစ်စေ၊ ဒါမှမဟုတ် အသက်ငယ်သည် အသက်ကြီးသည် ဖြစ်စေ၊ ယောကျာ်းလေး သို့မဟုတ် မိန်းကလေး ဖြစ်စေ၊ သံဓာတ်ချို့တဲ့မှု အန္တရာယ်ရှိနေနိုင်ပါတယ် သံဓာတ်ချို့တဲ့ခြင်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အပြင်းထန်ဆုံးနဲ့ အရေးအကြီးဆုံး အာဟာရဓာတ် ချို့တဲ့မှုထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျွန်မတို့ အနေနဲ့ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ Iron Deficiency Anaemia (IDA) အကြောင်း အားလုံးကို ချက်ချင်း အသိပေးတာမျိုး လုပ်သင့်ပါတယ်။

 အသက် ၅ နှစ်အောက် ကလေးငယ် ငါးယောက်မှာ သုံးယောက်ဟာ ပုံမှန်ရှိရမည့် အရပ်ထက် ပုညှက်သေးကွေးလျက်ရှိနေပြီး အသက် ၁၆ နှစ်နှင့် ၄၉ နှစ်ကြား အမျိုးသမီး သုံးယောက်မှာ တစ်ယောက်ဟာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ခံစားနေရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုပါ ရေတွက်မယ် ဆိုရင် အဆိုပါရောဂါ  ဖြစ်ပွားနေသူ ဦးရေဟာ ၅၀ ရာခိုင်နှုန်းခန့်အထိ တက်သွားမှာဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ IDA ဟာ ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ သံဓာတ်ပါဝင်မှုနည်းပါးပြီး၊ ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်၊ အဓိကအားဖြင့် သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်တွေပါ။ သံဓာတ်ပါဝင်မှုမြင့်မားတဲ့ အစားအစာနဲ့ သံဓာတ်ဖြည့်စွက်ထားသော အစားအစာများကို မစားသောက်ဘူးဆိုရင် သံဓာတ်ချို့တဲ့နိုင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်များနဲ့ အရွယ်ရောက်ပြီးသူတိုင်းဟာ နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှတဆင့် လုံလောက်တဲ့ သံဓာတ်ကို မရရှိကြပါဘူး။ ဒီကိစ္စဟာ အခုလက်ရှိကျွန်မတို့ အာရုံစိုက်နေထာထက် ပိုအရေးကြီးပြီး ပိုပြီးလည်း ဂရုစိုက်သင့်ပါတယ်။ 

သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ  ပြဿနာဟာ ပြင်းထန်ပါတယ်။ 

အချိန်ကြာမြင့်စွာ သံဓာတ်ချို့တဲ့ရောဂါကို ခံစားနေရပေမယ့်လည်း ရောဂါလက္ခဏာကို မသိရှိဘူး၊ ဒါမှမဟုတ် ရောဂါရှိနေကြောင်း သိရှိနိုင်တဲ့နည်းလမ်း တွေကို မသိတာကြောင့် ကျန်းမာရေးပြဿနာ မရှိဘူးလို့ ထင်မြင်ယူဆ နေနိုင်ပါတယ်။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဟာ နေ့စဉ် လူ့ဦးနှောက် စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။  သံဓာတ်ချို့တဲ့ သွေးအားနည်းရင် လူ့နှလုံးဟာ  အောက်စီဂျင်ထုတ်လုပ်မှုနည်းပါးလာပြီး၊ အောက်စီဂျင် လုံလောက်စွာရှိဖို့အတွက် သွေးပိုမိုညှစ်ထုတ်  ပေးရတာကြောင့် နှလုံးခုန်နှုန်းမမှန်တာ၊ နှလုံးရပ်တာ စတာတွေကို ဖြစ်ပွားစေနိုင်ပြီး လူ့အသက်ကို ဆုံးရှုံးစေသည်အထိ ဖြစ်ပွားစေနိုင်ပါတယ်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဟာ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် သင့်ရဲ့ နေ့စဉ် ခန္ဓာကိုယ်နဲ့ ဦးနှောက်စွမ်းဆောင်ရည်တွေကို ထိခိုက်စေနိုင်ပြီး အချိန်တိုင်း ပင်ပန်းနွမ်းနယ်ခြင်း၊ မကြာခဏဖျားနာခြင်း၊ ကလေးငယ်တွေမှာ အိမ်စာတွေကို ပြီးအောင်လုပ်ဖို့ ခက်ခဲခြင်း၊ ကျောင်းစာများကို အာရုံစိုက်ဖို့ ခက်ခဲခြင်း၊ ဒါမှမဟုတ် အတန်းထဲမှာ စာမလိုက်နိုင်တာတွေ   ဖြစ်စေနိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ သင့်ဆီမှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်ပွားနေပြီဆိုတဲ့အကြောင်းပြောပြနေတာဖြစ်ပါတယ်။ 

ကျန်းမာဖို့အတွက် ချမ်းသာဖို့မလိုပါဘူး။ ဒီနေ့ပဲ စလုပ်ကြည့်လိုက်ပါ။

ကျွန်မတို့တွေဟာ ကြိုးစားကြပြီး တိုင်းပြည်ကလည်း တိုးတက်နေတဲ့အတွက်၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကြောင့် မြန်မာနိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို   နှောင့်နှေးစေတာမျိုး မဖြစ်စေသင့်တော့ပါဘူး။ ဖွံ့ဖြိုးတိုးတက်နေတဲ့ တိုင်းပြည်ဆီသို့ လှမ်းချီနေကြတဲ့ ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့မိသားစုနဲ့ ကျွန်မတို့ကိုယ်တိုင်ကို ကာကွယ်နိုင်ဖို့အတွက် ကျန်းမာနေဖို့လိုအပ်ပါတယ်။ လူတိုင်းဟာ ဆင်းရဲချမ်းသာမရွေး၊ ကိုယ့်ကျန်းမာရေးကို ကိုယ်ပိုင်ပါတယ်။ ကိုယ်တိုင်ကျန်းမာဖို့အတွက် ကိုယ်တိုင်ပဲတာဝန်ယူပြီး ချက်ချင်းစတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို ရိုးရှင်းတဲ့အဆင့်လေးတွေနဲ့ ကျော်လွှားနိုင်ပါတယ်။

      သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို လျစ်လျူရှုမနေသင့်ပါဘူး။ သင့်အတွက် စိုးရိမ်စရာအခြေအနေတစ်ခု  ဖြစ်နေမလားဆိုတာ အောက်က အဖြစ်များဆုံးသံဓာတ်ချို့တဲ့မှုလက္ခဏာ (၉) ချက်ကို စစ်ကြည့်နိုင်ပါတယ်။ 

ကျွန်မတို့အားလုံး မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေကို ရိုးရှင်းတဲ့မေးခွန်းလေးတွေမေးဖို့အတွက် တိုက်တွန်းချင်ပါတယ်။ 

ÿ       အလိုအလျောက်နွမ်းနယ်နေပါသလား။

ÿ       သင်ယူနိုင်စွမ်းကျဆင်းနေပါသလား။

ÿ       ခုခံအားကျဆင်း၍မကြာခဏဖျားနေပါသလား။

ÿ       ကလေးငယ်များ ကြီးထွားနှုန်းနှောင့်နှေးနေပါသလား။

ÿ       အာရုံစူးစိုက်မရဖြစ်နေပါသလား။

ÿ       မူးဝေနေပါသလား။

ÿ       အောက်မျက်ခမ်းများနှင့် လျှာသွေးဆုတ်ဖြူရော်နေပါသလား။

ÿ       လက်သည်းနှင့် ဆံပင်များ ကြွပ်ဆတ်ပျက်စီးနေပါသလား။

ÿ       အသားအရေဖျော့တော့နေပါသလား။ 

အကယ်၍အထက်ပါအချက်အလက်တွေထဲမှာ အနည်းဆုံး အချက်သုံးချက် ရှိနေပြီဆိုရင် သင့်မှာ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေ များနေပြီဟု ယူဆနိုင်ပါသည်။ 

ဒေါက်တာခင်မာချိုသည် Myanmar Institute of Integrated Development (MIID) ၏ အကြံပေး ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ချင်းပြည်နယ်ရှိ LIFT funded Nutrition-Sensitive Agriculture Project တွင် ပါဝင်လုပ်ဆောင်လျှက်ရှိကာ၊ World Food Programme အတွက် MIID မှ တာဝန်ယူ ပြုလုပ်ပေးလျှက်ရှိသော Countrywide Food and Nutrition Security Review လုပ်ငန်းစဉ်များအား လုပ်ဆောင်ပေးလျှက်ရှိသည်။  

သတင်းအချက်အလက်များ ပိုမိုသိရှိိလိုပါက https://web.facebook.com/ironalert/ သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ #IronAlert #StrongerFamilies

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly