နိုဝင်ဘာ ၂၁ ။ ။ လက်တလော ဖမ်းယူရရှိထားသည့် ရေအောက် အသံလှိုင်းများသည် ပျောက်ဆုံးနေလျက်ရှိသည့် ရေငုပ်သင်္ဘောမှ လာသည့် အသံလှိုင်းများမဟုတ်ကြောင်း အာဂျင်တီးနား ရေတပ်က နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ဖော်ဝန်ခံသွားသည်။
ယင်း အသံလှိုင်းများသည် အံ့အားသင့်ဖွယ် ပျောက်ဆုံးနေလျက်ရှိသည့် ရေငုပ်သင်္ဘောမှ လာခြင်း ဖြစ်နိုင်ကြောင်း အစောပိုင်းက ခန့်မှန်းတွက်ဆနေမှုများ ရှိနေခဲ့ခြင်းကို ယခုအခါ သက်ဆိုင်ရာ တာဝန်ရှိသူများက ပယ်ချသွားခဲ့ခြင်း ဖြစ်သည်။
အမှုထမ်း ၄၄ ဦးလိုက်ပါသွားသည့် အာဂျင်တီးနားရေတပ်မှ ရေငုပ်သင်္ဘော ARA ဆန်ဟွမ် သည် တောင်အန္တလန္တိတ် သမုဒ္ဒရာအတွင်း ပျောက်ဆုံးနေခဲ့သည်မှာ ငါးရက်တာ ကြာမြင့်နေပြီ ဖြစ်သည်။
" ဒီ အသံလှိုင်းတွေက ရေငုပ်သင်္ဘောက လာတာတော့ မဟုတ်ဘူးဗျ၊ ရေအောက် သက်ရှိသတ္တဝါတစ်ကောင်ကောင်ကနေ ထွက်လာတဲ့ အသံ ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ရှာဖွေမှုတွေကိုတော့ ဆက်လုပ်သွားဦးမှာပါ " ဆိုပြီး အာဂျင်တီးနား ရေတပ် ပြောခွင့်ရပုဂ္ဂိုလ် အင်းနရစ် ဘယ်လ်ဘီက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ ရေငုပ်သင်္ဘောကို ပြန်ရှာတွေ့ရန်အတွက် ရေယာဉ် ၁၄ စင်း၊ လေယာဉ် ဆယ်စင်းတို့နဲ့ ဖြန့်ကျက်ရှာဖွေနေလျက်ရှိကြောင်း သိရသည်။