မြန်မာကျောင်းသား ၅၀ ကို တရုတ်နိုင်ငံတွင် ကျောက်မျက်၊ကျောက်စိမ်း သင်တန်းပေး

မြန်မာကျောင်းသား ၅၀ ကို တရုတ်နိုင်ငံတွင် ကျောက်မျက်၊ကျောက်စိမ်း သင်တန်းပေး

မန္တလေး၊နိုဝင်ဘာ ၂၁ ။          ။ မြန်မာ့ကျောက်စိမ်းအချောထည်စျေးကွက် ပြည်တွွင်း၌ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာကျောင်းသား၊ကျောင်းသူ ၅၀ဦးကို တရုတ်နိုင်ငံ ကျယ်ဂေါင်ရှိ ရွှေလီနိုင်ငံတကာ ကျောက်မျက် ကျောက်စိမ်းပညာသင်တန်းကျောင်းတွင် သင်ကြားပေးမှုများပြုလုပ်လျှက်ရှိသည်ဟု ရွှေလီနိုင်ငံတကာ ကျောက်မျက်ပညာသင်ကျောင်း၊ ဂုဏ်ထူးဆောင်ကျောင်းအုပ် ပါမောက္ခ ဦးဘုန်းကျော်ကပြောသည်။

ထိုသို့ မြန်မာနိုင်ငံသားများအား သင်ကြားပေးနေမှုကို ၂၀၁၇ခုနှစ်၊ စက်တင်ဘာ ၄ ရက်မှစတင်၍ သုံးနှစ်ကြာသင်ကြားပေးသွားမည်ဟု ဦးဘုန်းကျော်ကဆိုသည်။

"နေပြည်တော် ကျောက်မျက်အသင်းချုပ်၊သတ္တုတွင်း ဝန်ကြီးဌာနစတဲ့ အဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ညှိုနှိုင်းပြီး ခေါ်သင်ပေးခဲ့တယ်။ ချစ်ကြည်ရေး ပိုမို မြင့်မားဖို့ပါသလို မြန်မာ့   ကျောက်စိမ်းကို ခေတ်မီစက်တွေနဲ့ အသုံးပြုပြီး အချောထည်အဖြစ် ထုတ်လုပ်နိုင်ဖို့အတွက်လည်း ရည်ရွယ်ပြီး လုပ်နေတာပါ"ဟု ရွှေလီနိုင်ငံတကာ ကျောက်မျက်ပညာသင်ကျောင်း၊ ဂုဏ်ထူးဆောင်ကျောင်းအုပ် ပါမောက္ခ ဦးဘုန်းကျော်ကပြောသည်။

အဆိုပါကျောင်းတွင် ကျောက်စိမ်းလက်မှုပညာ၊ ပန်းပု၊ကျောက်စိမ်းအတုအစစ်ခွဲခြားနည်း၊ခေတ်မီစက်ကရိယာများ အသုံးပြုနည်းနှင့် ပန်းထိမ်ပညာများကို သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

သင်တန်းပြီးဆုံးသွားပါက မြန်မာနိုင်ငံအတွင်းတွင် သင်တန်းများပြန်လည်ဖွင့်လှစ်သွားနိုင်မည်ဖြစ်သလို ပြည်တွင်းကျောက်စိမ်းစျေးကွက်တစ်ခုကိုလည်း ထူထောင်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကျောင်းတွင် တက်ရောက်နေသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှလာရောက်တက်နေသည့် ကျောင်းသားတစ်ဦးက "သင်တန်းပြီးတာနဲ့ သူငယ်ချင်းတွေစုပြီး မြစ်ကြီးနားမှာပဲ သင်တန်းကျောင်း တစ်ခုတည်ထောင်သွားဖို့ ရည်ရွယ်ထားပါတယ်"ဟုပြောသည်။

လက်ရှိမြန်မာ့ကျောက််စိမ်းစျေးကွက်တွင် ထွက်ရှိလာသည့် အရိုင်းတုံးအတိုင်းသာ ရောင်းချနေရခြင်းကြောင့် စျေးနှုန်းရရှိမှုအကြိုးခံစားခွင့်မှာ အချောထည်ပြုလုပ်ရောင်းချနေသူများသာဖြစ်နေကြောင်း သိရသည်။

မန္တလေးကျောက်ဝိုင်းတွင် ကျောက်အရောင်းအဝယ်ပြုလုပ်နေသူ ဦးဇော်ဇော်က"နည်းပညာပိုင်းမရှိတော့ အရိုင်းတိုင်းပဲရောင်းရတယ်။ ဒီမှာတင် လက်ရည်မီတဲ့ အချောထည်လုပ်ပြီး ရောင်းဝယ်နိုင်ပြီဆိုရင်တော့ ပြည်တွင်းစျေးကွက်ဖြစ်လာနိုင်တယ်။ လက်ရှိကတော့ တရုတ်ကိုပဲ အားကိုးနေရဆဲပဲ။ လက်ရာကောင်းတဲ့ အချောထည်ကလည်း သူတို့ပဲထုတ်နိုင်တယ်။ အားလုံးက စက်နဲ့ပဲထုတ်ကြတယ်။ အခုသင်တန်းပေးနေတယ်ဆိုပေမယ့်။ အဲဒီက ပြီးလာတဲ့ကလေးတွေကို စက်ပစ္စည်းတွေ ပ့ံပိုမှုလုပ်ပေးဖို့လိုလိမ့်မယ်။ သက်ဆိုင်ရာတို့ ကျောက်စိမ်းအသင်းတို့ကပေါ့။ နည်းပညာတတ်ပေမယ့် လုံလောက်တဲ့ စက်ပစ္စည်းတွေမရှိရင်လည်း ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"ဟုပြောသည်။

ရွှေလီနိုင်ငံတကာ ကျောက်မျက်ပညာသင်ကျောင်းသို့ နေပြည်တော်၊  မြစ်ကြီးနား၊ မန္တလေးတို့မှ ကျောင်းသူ၊ကျောင်းသား ၅၀ ဦးတက်ရောက်သင်ကြားလျှက်ရှိပြီး ၎င်းတို့သင်တန်းပြီးဆုံးသွားပါက   မြန်မာ့ကျောက်စိမ်း ပြည်တွင်းစျေးကွက် တစ်ခုဖော်ဆောင်လာနိုင်မည်ဟု ပြည်တွင်းကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ချို့က မျှော်လင့်လျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly