လာမယ့် ၂၀၁၈ မှာ ငလျင်တွေ အကြီးအကျယ် လှုပ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ခန့်မှန်း

လာမယ့် ၂၀၁၈ မှာ ငလျင်တွေ အကြီးအကျယ် လှုပ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ခန့်မှန်း

 

နိုဝင်ဘာ ၂၁ ။       ။ လာမယ့်နှစ် ၂၀၁၈ ကျရင် ကမ္ဘာတစ်ဝှမ်းမှာ အားပြင်းငလျင်တွေ အကြီးအကျယ် လှုပ်နိုင်တယ်ဆိုပြီး သိပ္ပံပညာရှင်တွေက ခန့်မှန်းသတိပေးလိုက်ပါတယ်။ လက်ရှိအချိန်မှာ ကမ္ဘာကြီးရဲ့ လည်ပတ်မှုအရှိန် အနည်းငယ် နှေးသွားခြင်းက ပြင်းထန်တဲ့ မြေငလျင် လှုပ်ရှားမှုတွေကို ဖြစ်လာလိမ့်မယ်ဆိုပြီး အဆိုပါ ပညာရှင်တွေက ယုံကြည်နေကြတာဖြစ်ပါတယ်။

ယင်းလိုမျိုး ကမ္ဘာလည်ပတ်မှုပိုင်းမှာ အပြောင်းအလဲ ဖြစ်ပေါ်ခြင်းက သေးငယ်တယ်လို့ ဆိုနိုင်ပေသော်ငြားလည်း  ယင်းက မြေအောက်စွမ်းအင် ပမာဏကြီးကြီးမားမား ထုတ်လွှတ်မှုနဲ့လည်း ဆက်စပ်နေနိုင်ကြောင်း ပညာရှင်တွေက ငြင်းခုံဆွေးနွေးထားပါတယ်။

" ကမ္ဘာ လည်ပတ်မှုနဲ့ မြေငလျင်လှုပ်ရှားမှု တို့အကြား အပြန်အလှန် ခိုင်ခိုင်မာမာ ဆက်စပ်နေပါတယ်၊ ဒါကြောင့်လည်း လာမယ့်နှစ်ထဲမှာ အားပြင်းတဲ့ ငလျင်တွေ အကြိမ်အရေအတွက် များများ လှုပ်လာမယ်လို့ ခန့်မှန်းရတာဖြစ်ပါတယ်" ဆိုပြီး အမေရိကန် ကော်လိုရာဒို တက္ကသိုလ်မှ ပညာရှင် ရော်ဂျာ ဘီလ်ဟမ်က ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက The Observer သတင်းဌာနကို ပြောသွားပါတယ်။

သိပ္ပံပညာရှင် ဘီလ်ဟမ်နဲ့အတူ မွန်တားနားတက္ကသိုလ်က ပညာရှင် ရီဘက်ကာ ဘန်းဒစ်ခ် တို့ ပူးပေါင်းပြီးတော့ မြေငလျင် ဆိုင်ရာလေ့လာချက်တစ်ခုကို လုပ်ဆောင်ထားခဲ့ပြီး ယင်းလေ့လာချက်မှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၉၀၀ နောက်ပိုင်း လှုပ်ခဲ့တဲ့ ပြင်းအား ရ နဲ့ အထက် ငလျင်တွေကို လေ့လာထားခဲ့ကြပါတယ်။

ယင်းသို့ လေ့လာရာမှာတော့ အခြားသော အချိန်ကာလတွေနဲ့ယှဉ်ရင် ကြီးမားတဲ့ ငလျင်ကြီးတွေ အရေအတွက် များများ လှုပ်တဲ့ ကာလအပိုင်းအခြားငါးခုကို ၎င်းပညာရှင်တွေ သတိထားတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ "ဒီကာလအပိုင်းအခြားမျိုးတွေမှာဆိုရင် တစ်နှစ်ကို အားပြင်း ငလျင်လှုပ်တဲ့ အကြိမ်အရေအတွက်ပေါင်း ၂၅ ကြိမ်နဲ့ အကြိမ် ၃၀ အကြားထိ ရှိပါတယ်၊ အခြား အချိန်ကာလတွေမှာတော့ တစ်နှစ်ကို ပျမ်းမျှ ငလျင် ၁၅ ကြိမ်လောက်ပဲ လှုပ်တာဖြစ်ပါတယ်" လို့ ဘီလ်ဟမ်က ရှင်းပြပါတယ်။

အဆိုပါ ပညာရှင်တွေက ယခုလို ပြင်းထန်တဲ့ ငလျင်လှုပ်ရှားမှုတွေ ကြံုရတဲ့ ကာလတွေနဲ့ တစ်ခြားအချက်အလက်တွေအကြား ဆက်စပ်မှုကို ရှာဖွေကြည့်တဲ့အခါမှာတော့ ကမ္ဘာလည်ပတ်မှု အနည်းငယ် အရှိန်လျော့သွားတဲ့အခါမျိုးမှာ နောက်ကနေ လိုက်ပြီး အားပြင်း ငလျင်ကြီးတွေ အကြိမ်အရေအတွက် များများနဲ့ လှုပ်တတ်တာကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly