ယာဉ်မောင်းသင်တန်းခေါ်ယူမှုအပေါ် ဝေဖန်သူများအား ကျေးဇူးတင်ကြောင်း Power Eleven ကုမ္ပဏီပြော

ယာဉ်မောင်းသင်တန်းခေါ်ယူမှုအပေါ် ဝေဖန်သူများအား ကျေးဇူးတင်ကြောင်း Power Eleven ကုမ္ပဏီပြော
ဓာတ်ပုံ-ကိုတရုတ်လေး

ရန်ကုန်၊ နိုဝင်ဘာလ ၂၁ ။             ။ YBS အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် Power Eleven ကုမ္ပဏီမှ ယာဉ်မောင်းသင်တန်းခေါ်ယူမှု အပေါ် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုအချို့ရှိနေပြီး ထိုသို့ဝေဖန်သူများအား အထူးကျေးဇူးတင်ကြောင်း Power Eleven ကုမ္ပဏီ၊ YBS ၂၁ ယာဉ်လိုင်းမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက မဇ္စျိမသို့ ပြောသည်။

“ကျွန်တော်က အဲ့ဒီဝေဖန်တဲ့သူတွေကို အမှန်တိုင်းပြောရရင် အရမ်းကျေးဇူးတင်တာ။ အဝေဖန်ခံနေရပြီးဆိုရင် ကျွန်တော်က ပျော်နေတာများတယ်။ ဒါက စိန်ခေါ်မှုတစ်ခု သို့မဟုတ် ပြုပြင်ပြောင်းလဲမှုတစ်ခုပေါ့နော်။ ကိုယ့်ကို ကူညီတယ်…အသိပေးတယ်လို့ပဲ ကျွန်တော်တို့က ယူဆတယ်။ အဲ့ဒါကြောင့် ဝေဖန်ခံရတာကို ဘယ်တော့မှ ပြန်လည်းမပြောဘူး။ တုန့်လည်း မတုန့်ပြန်ဘူး။ ကိုယ့်ဘာသာကိုယ် ခေါင်းအေးအေးနဲ့ လုပ်စရာရှိတာတွေပဲ ကျွန်တော်က လုပ်တယ်။ အထူးသဖြင့်တော့ ဒီဝေဖန်သူတွေကို ကျေးဇူးတင်တာများတယ်”ဟု ကိုတရုတ် လေးက ပြောသည်။

ထိုသို့ Power Eleven ကုမ္ပဏီမှ ယာဉ်မောင်းသင်တန်းနှင့် ပတ်သက်ပြီး လုပ်ဆောင်မှုများအပေါ် လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်သူများမှာ ယာဉ်လိုင်းလောကအသိုင်းအဝိုင်းမှ အဓိကဝေဖန်တိုက်ခိုက်နေခြင်းဖြစ် ကြောင်း ကိုတရုတ်လေးကပြောသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ကိုတရုတ်လေးက သင်တန်းသား အယောက် ၅ဝ ကို ထောက်ပံ့ကြေး တစ်လလျှင် ကျပ် ၂ သိန်းပေးမည့် ၂ လသင်တန်းတစ်ခုအား ခေါ်ယူခဲ့ကြောင်း၊ သင်တန်းသားများကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် စတင်သင်ကြား ပေးခဲ့ကာ အောက်တိုဘာလ ၂၆ ရက်နေ့တွင် တစ်လပြည့်ပြီးဖြစ်သော်လည်း ကိုတရုတ်လေးက ထောက်ပံ့စရိတ်များ ပေးဆောင်ခြင်းမရှိဘဲ ရှောင်တိမ်းနေခဲ့ကြောင်း စသည့်ဖြင့် ဝေဖန်မှု များရှိနေခြင်းဖြစ်သည်။

ထိုသို့ Power Eleven ကုမ္ပဏီမှ ယာဉ်မောင်းသင်တန်းနှင့် ပတ်သက်ပြီး လုပ်ဆောင်မှုများအပေါ် လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်သူများမှာ ယာဉ်လိုင်းလောကအသိုင်းအဝိုင်းမှ အဓိကဝေဖန်တိုက်ခိုက်နေခြင်းဖြစ် ကြောင်း ကိုတရုတ်လေးကပြောသည်။

“ ကျွန်တော်တို့ကို ထောက်ခံတာက ခရီးသွားပြည်သူကပဲ ထောက်ခံတာ။ ဝေဖန်တိုက်ခိုက်တာကတော့  ယာဉ် လိုင်းလောက အသိုင်းအဝိုင်းထဲကပဲ တိုက်ခိုက်တာ။ အထူးသဖြင့်တော့ ဘတ်စ်အော်ပရေတာတွေ ပေါ့ဗျာ”ဟု ကိုတရုတ်လေးက ဆိုသည်။

ဆက်လက်ပြီး ကိုတရုတ်လေးက “ကျွန်တော်ကို ဝေဖန်ကြတာအခုမှမဟုတ်ဘူး။ နှစ်ပေါင်းအားဖြင့်ဆိုရင် ၂ဝ လောက်ရှိပြီ။ ကျွန်တော်တို့က စီးပွားရေးလုပ်တဲ့နေရာမှာ ဥပမာ အဲ့ဒီလောက် ငွေအင်အားလည်းမရှိဘူး။ လုပ်ပိုင်ခွင့် အာဏာလည်းမရှိဆိုတဲ့ အခါကြတော့ ကျွန်တော်တို့ကြိုပြီ လုပ်ရတယ်။ ချက်ချင်းထလုပ်ဆိုရင် မရဘူး။ အဲ့ဒီတော့ ကျွန်တော်တို့က ကြိုလုပ်တယ်အခါကြတော့ မျက်မှောက်ခေတ် အခြေအနေနဲ့ ကွာဟတဲ့ အခါကျတော့ နည်းနည်းဝေဖန်ခံရတာပေါ့”ဟု ၄င်းက ဆိုသည်။

လက်ရှိတွင်လည်း Power Eleven ကုမ္ပဏီမှ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ထောက်ပံ့စရိတ် တစ်လ လျှင် ကျပ်နှစ်သိန်းပါပေးမည့် အမျိုးသမီးယာဉ်မောင်းသင်တန်းကို လက်ရွေးစင် သင်တန်းသူ ၃၁ ဦးဖြင့် စတင်သင်ကြားပေးနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly