ဂျပန်ရှိ အမေရိကန် စစ်သားများ အရက်သောက်ခွင့် ပိတ်ပင်ခံရ

ဂျပန်ရှိ အမေရိကန် စစ်သားများ အရက်သောက်ခွင့် ပိတ်ပင်ခံရ

တိုကျို၊ နိုဝင်ဘာ ၂၀ ။       ။ အမေရိကန်စစ်အခြေစိုက် စခန်းများကို ဆန့်ကျင်မှုများ ပြင်းထန်သည့် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် အရက်ကြောင့် ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် ဂျပန်ရှိ အမေရိကန်စစ်သား အားလုံးကို အရက်သောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ ရက်က အမေရိကန် မရိန်းတပ်သား တစ်ဦး မောင်းနှင်သော ကားသည် လမ်းဆုံတစ်နေရာတွင် မီနီထရပ်ကားတစ်စီးနှင့် ဝင်တိုက်မိပြီး အသက် ၆၁ နှစ်ရှိ မီနီထရပ်ကား ဒရိုင်ဘာ သေဆုံးခဲ့သည်။

ထိုသို့ ဝင်တိုက်သော အမေရိကန်မရိန်းတပ်သားအား အရက်သောက်ထားမထား စမ်းသပ်ရာ ခွင့်ပြုအယ်ကိုဟောအဆင့်ထက် သုံးဆများသော အရက်ပမာဏကို သောက်ထားသည်ကို တွေ့ရှိကြောင်း ရဲဌာနက ပြောသည်။ ၎င်းအား မဆင်မခြင်ယာဉ်မောင်းနှင်၍ လူသေဆုံးရမှုဖြင့် ဖမ်းဆီးစွဲဆိုထားသည်ဟု ဆိုသည်။

ဂျပန်နိုင်ငံအတွင်းရှိ အမေရိကန် စစ်မှုထမ်းအားလုံးအား ယခုတွင် အရက်သေစာ သောက်စားခြင်းအား ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့ရုံးက ထုတ်ပြန်သည်။

“ကျွန်တော်တို့ စစ်သားတွေဟာ ကျွန်တော်တို့ ချမှတ်ထားတဲ့ သူတို့ လိုက်နာရမည့် စံသတ်မှတ်ချက်တွေကို ပျက်ကွက်ခဲ့ရင် စစ်စခန်းတွေနဲ့ ဒေသခံပြည်သူတွေကြားက ဆက်ဆံရေးဟာ ပျက်စီးရတယ်။ ဒီလိုဖြစ်လာရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန် မစ်ရှင်တွေကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ဖို့ ပိုခက်ခဲစေတယ်။”ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

အမေရိကန်နိုင်ငံထံ ချက်ချင်းတိုင်ကြားချက် ပို့ဆောင်ခဲ့ပြီး အမေရိကန်စစ်တပ်အနေဖြင့် စည်းကမ်းကြပ်မတ်မှုများ လုပ်ဆောင်ရန်နှင့် ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များ   ဖော်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း ဂျပန်ကက်ဘိနက်အတွင်းဝန်ချုပ် ယိုရှီဟီဒီဆူဂါးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly