လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်း၊ အဆိုများအား သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အစိုးရအဖွဲ့တို့က အပြီးဆောင်ရွက်ရန် တိုက်တွန်း

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်း၊ အဆိုများအား သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အစိုးရအဖွဲ့တို့က အပြီးဆောင်ရွက်ရန် တိုက်တွန်း

နေပြည်တော်၊ နိုဝင်ဘာ ၂၀ ။             ။ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခဲ့သော အဆို၊မေးခွန်းများကို လုပ်ဆောင်ပေးရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့်၊ပြည်ထောင်စုဝန်ကြီးဌာနများနှင့်   ပြည်နယ်/တိုင်းဒေသကြီးအစိုးရဖွဲ့များက လွှတ်တော်က ဘတ်ဂျက်ဖြတ်တောက်မှုမရှိစေရန် ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီနဲ့ညှိုနှိုင်းဆောင်ရွက်ပြီး ဘဏ္ဍာနှစ်အလိုက် အပြီးဆောင်ရွက်ဖို့လိုကြောင်း အစိုးရ၏ အာမခံချက်များ ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တိုက်တွန်းခဲ့သည်။

အမျိုးသားလွှတ်တော် အစိုးရ၏အာမခံချက်များ ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမ ပုံမှန် အစည်းအဝေးတွင်း တင်သွင်းမေးမြန်းခဲ့သည့် အဆိုများနှင့် မေးခွန်းများကို ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် မှာ ဖတ်ကြားခဲ့ရာတွင် ပါရှိခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိ ကဝတ်များနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃) ဦးဝင်းအောင် က ဖတ်ကြားခဲ့သည်။

ကော်မတီအနေဖြင့်လည်း ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့် ပတ်သတ်ပြီး သတ်မှတ်ကာလတွင် အကောင်ထည်ဖော်မှု၊ စံချိန်စံညွှန်းအရည်အသွေး၊ အမှန်တကယ်ပြီးစီးမှုရှိမရှိ စသည့်အချက်များကို ကွင်းဆင်းဆောင်ရွက်သွားမည်ဟု အစီရင်ခံစာတွင်ပါရှိသည်။

စတုတ္ထပုံမှန် အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သော မေးခွန်းများအပေါ် ၁၅.၈.၂၀၁၇မှ ၁၇.၈.၁၇ထိ ပဲခူးတိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောငး်ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန တို့နှင့် သက်ဆိုင်သည့် လုပ်ငန်း ၁၅ခုကို ကော်မတီက စစ်ဆေးခဲ့သည်ဟု အစီရင်ခံစာဖတ်ကြားရာတွင် ပါရှိသည်။

စစ်ဆေးချက်များ၊ သုံးသပ်ချက်များထဲတွင် လုပ်ငန်းစဉ်အချို့သည်  စစ်ဆေးသည့် အဖွဲ့များလာရောက်ချိန်နီးမှ အလျင်မြန်ဆောင်ရွက်ထားသည်များကိုတွေ့ရှိသလို၊ ဒေသခံပြည်သူများနဲ့သက်ဆိုင်ရာ ကိုယ်စားလှယ်များ အနေဖြင့်လည်း မိမိတို့ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လည်းအမြဲမပြတ် စစ်ဆေးသင့်ကြောင်း ခြုံငုံသုံးသပ်ချက်တွင် ပါရှိသည်။

ထို့ပြင် ကော်မတီ၏ပဲခူးတိုင်းအတွင်း စစ်ဆေးတွေ့ရှိချက်များတွင်လည်း လမ်း၊တံတား၊ တူးမြောင်း၊ တိုက်နယ်ဆေးရုံတို့သည်လည်း ကတိကဝတ်များရရှိထားသည့်အတိုင်း ဆောင်ရွက်ထားပြီး အချို့ကို ယခုကောင်းသည်ထက် ကောင်းအောင် သက်ဆိုင်ရာများနဲ့ ပူးပေါင်းဆောင်ရွက်ရန်လည်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်ဟု ပါရှိသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် မှ ပဥ္စမ ပုံမှန် အစည်းအဝေးတွင် မေးခွန်းပေါင်း ကြယ်ပွင့်ပြမေးခွန်းနှင့် ကြယ်ပွင့်မပြမေးခွန်းစုစုပေါင်း ၁၁၀၈ခုရှိခဲ့ပြီး ကတိကဝတ်ပြုခဲ့သည့် ကိစ္စ ၆၃၇ ခု ရှိခဲ့ပြီး ကတိမဖြစ်ခဲ့သည်က ၄၇၁ခု ရှိသည်။

ကြယ်ပွင့်ပြမေးခွန်း ၆၀၉ ခုတွင် ၃၆၂ခု ကတိဖြစ်ခဲ့ပြီး၊ကတိမဖြစ်ခဲ့သည်က ၂၄၇ခု၊ ကြယ်ပွင့်မပြမေးခွန်း ၄၉၉ခုတွင် ကတိဖြစ်ခဲ့သည်က ၂၇၅ခုနှင့် ကတိမဖြစ်ခဲ့သည်က ၂၂၄ ခုဖြစ်ကာ တင်သွင်းခဲ့သည့် အဆို ၁၀ ခု တွင် ၆ ခုကို အတည်ပြုခဲ့ပြီး အဆို ၄ ခုကိုတော့ အတည်မပြုခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly