နယ်သာလန် ပညာရှင်များ ညောင်တုန်းမြို့ ရေဘေးကာကွယ်ရေးတာတမံ ကြံ့ခိုင်ရေးကို လေ့လာ

နယ်သာလန် ပညာရှင်များ ညောင်တုန်းမြို့ ရေဘေးကာကွယ်ရေးတာတမံ ကြံ့ခိုင်ရေးကို လေ့လာ
ဧရာဝတီတိုင်း ညောင်တုန်းမြို့့ သြဂုတ် ၅ရက် မြင်ကွင်း။ (ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

သြဂုတ် ၁၉ ။        ။ ညောင်တုန်းမြို့ မြစ်ရေတက်မှု သဘာဝဘေးအန္တရာယ် ကာကွယ်ရန် နယ်သာလန်နိုင်ငံမှ အထူးကျွမ်းကျင်ပညာရှင်အဖွဲ့ သည် ဧရာဝတီတိုင်း ညောင်တုန်းမြို့နှင့် ဓနုဖြူမြို့နယ်များရှိ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးမှု၊ ရေကာတာနှင့် တာတမံများ၏ အခြေအနေများကို သွားရောက်လေ့လာခဲ့ကြသည်။

သြဂုတ် ၁၇ တွင် သွားခဲ့ခြင်းဖြစ်ပြီး ညောင်တုန်းမြို့၏ မြို့ရေဘေးကာကွယ်ရေး တာတမံကြံ့ခိုင်ရေး လတ်တလော ဆောင်ရွက်နေမှုများကိုလည်း လေ့လာကြသည်။

ညောင်တုန်းမြို့သည် မြစ်ရေတက်မှု သဘာဝဘေးအန္တရာယ်ကို ကာကွယ်တားစီးနိုင်ရန် လိုအပ်နေပြီး ယခုရောက်ရှိ နေသော နယ်သာလန်နိုင်ငံ အထူးပညာရှင်အဖွဲ့၏ အကြံပေးချက်များ၊ နည်ပညာများ ရယူ၍ ဆည်မြောင်းဦးစီးဌာနက ရေဘေးကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဟု နိုင်ငံပိုင်သတင်းစာက ရေးထားသည်။

နယ်သာလန်နိုင်ငံ အထူးပညာရှင်အဖွဲ့သည် ဓနုဖြူမြို့နယ်မှ ဇင်းတော်ကျေးရွာအနီး ဧရာဝတီမြစ် ဟင်္သာတဘက်ကမ်း တာနှင့် ရေကင်းစခန်းများအား သွားရောက်ကြည့်ရှု့လေ့လာခဲ့သေးသည်။

နယ်သာလန်နိုင်ငံက မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ မြစ်ချောင်း ရေကြီးရေလျှံခြင်း လျော့နည်းစေရန် ၂၀၁၄ ဇန်နာဝါရီလမှစ၍ နည်းလမ်းများ လေ့လာနေခဲ့သည်။ သမ္မတဦးသိန်းစိန် ၂၀၁၄ ခု စက်တင် ဘာအတွင်း နယ်သာလန် ခရီးစဉ်အတွင်းကလည်း နယ်သာလန်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီး Ms. Lilianne Ploumen က ဥရောပငွေကြေး ယူရို ၃ သန်းထပ် မံအသုံးပြုမည်ဟု ကြေငြာခဲ့သည်။

ယင်းငွေများဖြင့် ၂၀၁၅-၁၇ ခုအတွင်း ရေအရင်းမြစ်စီမံခန့်ခွဲရေးနည်းပညာများတပ်ဆင်ရန်နှင့် သင်တန်းများပေးသွားမည်ဟု နယ်သာလန်အစိုးရ သတင်းများက ဆိုသည်။

ညောင်တုန်းမြို့နယ်၌ သြဂုတ်လဆန်းပိုင်း ဧရာဝတီမြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ် ၂၂ ဒသမ ၅ ပေအထက် ၃ ပေ ကျော်မြင့်တက်ခဲ့ပြီး ၂၅ ဒသမ ၉ ပေအထိ ရောက်ရှိခဲ့သည်။ သြဂုတ် ၁၈ ရက်နေ့ မနက် ၁၀ နာရီ၌ စိုးရိမ်ရေမှတ်အောက် အနည်းငယ်ကျဆင်းလာပြီး ၂၁ ဒသမ ၆၅ ပေ ရှိနေသည်။

သို့သော် စံကင်းကျွန်းတွင်မူ ကွင်းရေများ ကျဆင်းခြင်းမရှိဘဲ ဆက်တက်နေသေးပြီး ကျေးရွာအုပ်စု ၁၄ ခု ရေနှစ်မြုပ်နေဆဲ ဖြစ်သည်။

ညောင်တုန်းမြို့နယ်အတွင်း သြဂုတ်လ ၁၇ ရက်နေ့ထိ အိမ်ခြေ ၅၀၀၀ ကျော်၊ စာသင်ကျောင်း ၄၇ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၆ ကျောင်းနှင့် မိုးစပါးစိုက်ထားသော လယ်မြေ ၂၀၈၉၅ ဧက ရေနှစ်မြုပ်ခဲ့ သည်။ သြဂုတ် ၁၇ တွင် ရေပြန်ကျသဖြင့် ဧက ၁၆၈၀ စိုက်ပျိုးနိုင်ပြီဟု သြဂုတ် ၁၉ သတင်းစာကဖော်ပြသည်။

မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကွပ်ကဲမှုရုံးသို့ သြဂုတ်လ ၃ ရက်မှ ၁၇ ရက်နေ့ထိ အလှူရှင် ၂၈၁ ဖွဲ့မှ အလှူငွေ ကျပ် ၅၃၄ သိန်းကျော်နှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သန်း ၆၂၀ ကျော်တို့ လှူဒါန်းခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာန သြဂုတ် ၁၈ သတင်းတစ်ပုဒ်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly