နိုင်ငံခြားသတင်းထောက်ပါ ၄ဦးအမှု လာမယ့် ရုံးချိန်းမှာ အမိန့်ချမယ်

နိုင်ငံခြားသတင်းထောက်ပါ ၄ဦးအမှု လာမယ့် ရုံးချိန်းမှာ အမိန့်ချမယ်
 

နေပြည်တော်(နိုဝင်ဘာ ၂၀ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြီးခဲ့တဲ့ လကုန်ပိုင်းက နေပြည်တော်မှာ ဖမ်းဆီးခံထားရပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ(၈)နဲ့ တရားစွဲခံထားရတဲ့ နိုင်ငံခြားသတင်းထောက် ၂ဦးပါ စုစုပေါင်း ၄ဦး အမှုကို နောက်တစ်ပတ် တနင်္လာနေ့မှာ အမိန့်ချတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ထပ်တိုးပုဒ်မ တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀နဲ့ ထောင်ဒဏ် ၂လ ချမှတ်ခံထားရတဲ့ သူတို့ ၄ဦးကို ကနဦးစွဲဆိုထားတဲ့ ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ(၈)အမှုနဲ့ ပတ်သက်ပြီး အမှုပိတ်သိမ်းမယ်၊ မပိတ်သိမ်းဘူးဆိုတာ နောက်တစ်ပတ် ရုံးချိန်းမှာ အမိန့်ချမှာ ဖြစ်ပါတယ်။

ဒီကနေ့ တတိယမြောက် ရုံးချိန်းမှာတော့ သူတို့ ၄ဦးကို စွဲထားတဲ့ အမှုကို ပိတ်သိမ်းပေးဖို့ တရားစွဲခံထားရသူတွေရဲ့ ရှေ့နေတွေက လျှောက်လဲချက် တင်ပြကြသလို မြို့နယ်ဥပဒေအရာရှိကလည်း တရားရုံးမှာ လျှောက်လဲချက် တင်ခဲ့ပါသေးတယ်။

“တရားသူကြီးက ဒါကို စဉ်းစားမယ်။ နှစ်ဖက် လျှောက်လဲချက်တွေကို လေ့လာမယ်။ လေ့လာပြီးတော့မှ လာမယ့်ရုံးချိန်းမှာ အမိန့်ချပါလိမ့်မယ်” လို့ တရားစွဲခံထားရသူတွေဘက်က အမှုလိုက်ပေးတဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“လျှောက်လဲချက် အနှစ်သာရကတော့ ၄၀၃(၁)ဆိုတာ လူတစ်ယောက်ကို စီရင်ပိုင်ခွင့်ရှိတဲ့ တရားရုံးတစ်ရုံးက ပြစ်မှုတစ်ခုနဲ့ အပြစ်ပေးပြီးရင် သို့မဟုတ် လွတ်ပြီးရင် အဲ့ဒီပြစ်မှုနဲ့ပဲ အလားတူ ပြစ်မှုနဲ့ပဲ သို့မဟုတ် အလားတူ ပြစ်မှုနဲ့ပဲ အဲ့ဒီတရားရုံးက ထပ်ပြီးတော့ စွဲဆိုပိုင်ခွင့်မရှိစေရဆိုတဲ့ ပြဌာန်းချက်ပါ” လို့ ဦးခင်မောင်ဇော်က ရှင်းပြပါတယ်။

တရားစွဲခံထားရသူတွေဟာ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနက မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်္ကာပူနိုင်ငံသား LAU HON MENGနဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဘာသာပြန် ကိုအောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့ စုစုပေါင်း ၄ဦး ဖြစ်ပါတယ်။

သူတို့ဟာ လွှတ်တော်အမတ်တစ်ဦးနဲ့ အင်တာဗျူးလုပ်ဖို့ နေပြည်တော်ကို လာရောက်ရင်း စင်္ကာပူနိုင်ငံသား LAU HON MENG က လွှတ်တော်အနီးမှာ အောက်တိုဘာ ၂၇ရက်နေ့၊ မနက် ၁၀နာရီလောက်မှာ ဒရုနု်းလွှတ်တင်ပြီး ၃မိနစ်အကြာမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ LAU HON MENG ဒရုန်းလွှတ်တင်တာကို ကားထဲမှာ စောင့်နေတဲ့ ၃ယောက်က မသိကြဘူးလို့ ကာယကံရှင်တွေက ပြောပါတယ်။

အဲ့ဒီနောက် ဒရုန်းကို အခွန်မဆောင်ဘဲ သွင်းလာတယ်ဆိုပြီး ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈နဲ့ နေပြည်တော် အမှတ် ၅ရဲစခန်းမှာ စခန်းမှူးဖြစ်သူ ရဲအုပ်ထွန်းထွန်းဝင်းက တရားလိုအဖြစ် အမှုဖွင့်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ ပုဒ်မဟာ ၃နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်နိုင်တယ်ဆိုပြီး ပြဌာန်းထားပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags