ပြသာဒ်ကြီးဘုရားမှ ရုပ်ပွားတော်များမှာ ရှေးလက်ရာများ မဟုတ်၍ ခွင့်ပြုခဲ့ခြင်းဟု ရှေးဟောင်းသုတေသနပြော

ပြသာဒ်ကြီးဘုရားမှ ရုပ်ပွားတော်များမှာ ရှေးလက်ရာများ မဟုတ်၍ ခွင့်ပြုခဲ့ခြင်းဟု ရှေးဟောင်းသုတေသနပြော
၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တွေ့မြင်ရသော ပြသာဒ်ကြီးဘုရားမှ ရုပ်ပွားတော်ပုံ။ ဓာတ်ပုံ-ပြည့်ဖြိုးကျော်

ပုဂံ၊ နိုဝင်ဘာ ၂၀ ။         ။ လူမှုကွန်ယက်စာမျက်နှာတွင် ပျံနှံနေသည့် သရုပ်ဆောင် ဖူးစုံ မိသားစုက ပြုပြင်လိုက်သည့် ပုဂံဒေသရှိ ပြသာဒ်ကြီးဘုရားမှ ရုပ်ပွားတော်များမှာ ရှေးလက်ရာများမဟုတ်၍ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု ရှေးဟောင်းသုတေသန၊ ပုဂံဌာနခွဲ၊ ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောသည်။

"သူတို့က ဘာသာရေးရှုထောင့်အနေအရ ဒီဘုရားကြီးမှာ လင်းနို့နဲ့ ခိုများရဲ့ အညစ်အကြေးများက ဘုရားရဲ့ သင်္ကန်းတော်ပေါ်မှာ ရောက်နေတာတွေ ရှိတယ်။ ခေါင်းတော်ပေါ်မှာ ရောက်နေတာတွေလည်း ရှိတယ် ။ ဒါတွေ ကို သပ်သပ်ရပ်ရပ်ကလေး သူတို့က ကုသိုလ်ယူချင်တဲ့အတွက်ကြောင့် ပြုပြင်ဆောင်ရွက်ခွင့် တင်ခဲ့ပါတယ်"ဟု ပုဂံရှေးဟောင်းသုတေသနဌာနမှ ဒုတိယညွန်ကြားရေးမှူးဦးစိုးစိုးလင်းက   ပြောသည်။

ယင်းကဲ့သို့ ခွင့်ပြုမိန့်တင်ခဲ့ခြင်းအပေါ် ရှေးဟောင်းသုတေသနဌာနမှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ရှေးဟောင်းလက်ရာမဟုတ်သည့်အတွက် ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ မူလက ရေဆေးအတိုင်း ပြန်လည် ပြုပြင်ဆောင်ရွက်ခဲ့သည်ဟု ပုဂံရှေးဟောင်းသုတေသနဌာနမှ ဆိုသည်။

"ခွင့်ပြုမိန့်တင်တဲ့အခါမှာ ဌာနကနေ သက်ဆိုင်ရာအဖွဲ့တွေ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ကွင်းဆင်းကြည့် တဲ့အခါမှာ အဲ့ဒီဘုရားတွေဟာ ၂၀၀၀ ခုနှစ်လောက်က ရွှေကျောင်းဆရာတော် လက်ထက်က ပြင်ထားတဲ့ အသစ်တွေ ဖြစ်နေပါတယ်။ အသစ်ဖြစ်နေတယ်။ ဘာသာရေးအရလည်းဖြစ်နေတော့ မူလကအတိုင်း ရေဆေးနဲ့ ပြန်လည်ပြုပြင်ဆောင်ရွက်ခွင့် ပြုခဲ့ပါတယ်"ဟု ဒုတိယညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောသည်။

ယခုကဲ့သို့ ခွင့်ပြုခဲ့ခြင်းသည် ဘာသာရေးရှုထောင့်အရ အဖြေညှိပေးခဲ့ခြင်းဖြစ်ပြီး အဟောင်းများအား မထိခိုက်စေဘဲ ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဦးစိုးစိုးလင်းက ဆက်ပြောသည်။

"ကျွန်မ ဘုရားကို ရှေးမူလက်ရာအတိုင်း ပြန်လည်မွမ်းမံတာပါရှင်။ဘုရားကို ယခုလိုရောင်တော်ဖွင့်ဖို့အတွက် ရှေးသု ရုံးချုပ် နေပြည်တော်ကို စာတင်ရပါတယ်။ အဲ့ကနေမှ တဆင့် ရှေးသုရုံးခွဲ ပုဂံစာထပ်တင်ရပါတယ်။

အဆင့်ဆင်စာတင်ပြီးကာမှ ပန်းရံပညာရှင်တွေကို ရုံးချုပ်ကပဲ ချပေးပါတယ်။ ဘာမှထိခိုက်မှု မရှိဖို့ကို လက်မှတ် ထိုးထားရပါတယ်။ တာဝန်ယူထားရပါတယ်။ ကျွန်မတို့သဘောနဲ့ ရှေးအမွေအနှစ်များကို ဘာမှမထိခဲ့ပါရှင်။ ကျေးဇူးတင်ပါတယ်။ ဘုရားကြီး တင့်တယ်သပ္ပါယ်ဖို့နဲ့ ဘုရားဖူးပြည်သူတွေ ပိုမိုကြည်ညိုစေရန်ဖြစ်ပါတယ်ရှင်" ဟု ဖူးစုံက လူမှုကွန်ယက်တွင် တင်ခဲဲ့ပြီးနောက် လူအများစုက ရှေးဟောင်းဘုရားများအား ပျက်စီးစေသည်ဟု ဝေဖန်ခဲ့ကြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြသာဒ်ကြီးဘုရားသည် ရှေးဟောင်းဘုရားအမှတ် ၈၀၃ ဖြစ်ပြီး ၁၉၉၈ခုနှစ်တွင် စင်ကာပူနိုင်ငံ ရွှေဘုရားဗုဒ္ဓဘာသာကျောင်းဆရာတော် ဦးဆောင်ကာ ပြင်ဆင်ခဲ့ဘူးသည်ဟု ဘုရားအမှတ် ၈၀၃ ကျောက်စာအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly