အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌအဖြစ် ပြန်ကြားဝန်ကြီးဟောင်း ဦးအောင်ကြည်ကို လျာထား

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌအဖြစ် ပြန်ကြားဝန်ကြီးဟောင်း ဦးအောင်ကြည်ကို လျာထား

ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ။            ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဥက္ကဌအဖြစ် ပြန်ကြားဝန်ကြီးဟောင်း ဦးအောင်ကြည်ကို လျာထားကြောင်း သိရသည်။

ယနေ့ နို၀င်ဘာ ၂၁ ရက်နေ့တွင် ကော်မရှင်အဖွဲ့ဝင်များ အား အတည်ပြုနိုင်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။

နိုင်ငံတော်သမ္မတ ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က ရွေးချယ်ထားပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့် လူ ၄ ဦးစီအား အတည်ပြု ဆုံးဖြတ်ပေးရန် လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ဖွဲ့စည်းမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ယခင်အစိုးရအဖွဲ့ ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးအောင်ကြည်ကို တာဝန်ပေးထားပြီး အတွင်းရေးမှူးအဖြစ် ဦးစန်းဝင်း(ညွှန်ကြားရေးမှူး အငြိမ်းစား)အား တာဝန်ပေးထားသည်။

ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ဦးအောင်ကြည်သည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ငြိမ်းချမ်းရေးကော်မရှင်၌လည်း အကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

ယင်းအပြင် ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြား ဆက်ဆံရေးကို ကြားဝင်ညှိနှိုင်းပေးသူလည်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် ပါ၀င်သူများသည် (က) နိုင်ငံတော် သမ္မတက ရွေးချယ်သည့် ပုဂ္ဂိုလ်များတွင် ၁။ ဦးအောင်ကြည်(ပြည်ထောင်စုဝန်ကြီး အငြိမ်းစား)၊ ၂။ ဦးစိုးတင့်(ညွှန်ကြားရေးမှူး အငြိမ်းစား)၊ ၃။ ဦးအောင်လွင််(ညွှန်ကြားရေးမှူး အငြိမ်းစား)၊ ၄။ ဦးဟန်ညွန့့််(ဒုတိယ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)ဖြစ်ပြီး (ခ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သည့်ပုဂ္ဂိုလ်များတွင် ၁။ ဒေါ်မြတ်မြတ်စိုး (ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)၊ ၂။ ဦးအောင်သန်းမြင့်(ညွှန်ကြားရေးမှူး အငြိမ်းစား) ၃။ ဦးစန်းဝင်း (ညွှန်ကြားရေးမှူး အငြိမ်းစား)၊ ၄။ ဦးခင်မောင်မြင့်(တရားလွှတ်တော်ရှေ့နေ)၊ (ဂ)အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ရွေးချယ်သည့် ပုဂ္ဂိုလ်များတွင် ၁။ ဦးမျိုးမြင့်(တရားလွှတ်တော်ရှေ့နေ)၊ ၂။ ဒေါ်အေးအေးမူ(ဒုတိယ ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)၊ ၃။ ဦးဇော်ဝင်း(ရဲချုပ် အငြိမ်းစား)၊ ၄။ ဒေါ်လဲလဲ့မူ(ညွှန်ကြားရေးမှူး အငြိမ်းစား) တို့ ဖြစ်သည်။

တစ်ဆက်တည်းတွင် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနအသစ် နှစ်ခု တိုးချဲ့ဖွဲ့စည်းရန် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင် အစိုးရမှ လွှတ်တော်သို့ တင်ပြတောင်းဆိုထားပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ၀န်ကြီးအဖြစ် အမျိုးသားလုံခြံုရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကို အမည်စာရင်း တင်သွင်းထားကာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးကျော်တင် ကို အမည်စာရင်း တင်သွင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly