ဘာဘာရာမန် ချယ်လ်ဆီးသို့ တရားဝင်ရောက်ရှိ

ဘာဘာရာမန် ချယ်လ်ဆီးသို့ တရားဝင်ရောက်ရှိ

လန်ဒန်၊ သြဂုတ် ၁၉ ။          ။ အော့စ်ဘတ်အသင်းမှ ဂါနာလက်ရွေးစင်နောက်ခံ ကစားသမား ဘာဘာရာမန်သည် ချယ်လ်ဆီးအသင်းသို့ တရားဝင်ရောက်ရှိပြီ ဖြစ်သည်။

အသက် ၂၁ နှစ်အရွယ်ရှိ ဘာဘာရာမန်ကို ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး ပေါင် ၂၁ ဒသမ ၇ သန်းဖြင့် ခေါ်ယူခဲ့ပြီး ငါးနှစ် စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ရာမန်သည် ချယ်လ်ဆီးအသင်း ၏လေ့ကျင့်ရေးကွင်း ကော့ဘ်ဟမ်းသို့ အင်္ဂါနေ့က ရောက်ရှိလာပြီး နည်းစနစ်ဒါရိုက်တာ အီမီနယ်လိုနှင့် တွဲဖက်ကာ ၎င်းဝတ်ဆင်ကစားမည့် ကျောနံပါတ် ၁၇ ဂျာစီကို ကိုင်ဆောင်ပြီး ဓာတ်ပုံအရိုက်ခံခဲ့ သည်။

ချယ်လ်ဆီးသို့ ပြောင်းရွှေ့နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် တွေ့ရတာဝမ်းသာကြောင်း ရာမန်က ပြောသည်။

 'ဒီဆုံးဖြတ်ချက်ကို ချရတာ မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အော့စ်ဘတ်အသင်းမှာ အစစအရာရာ အားလုံးအဆင်ပြေနေလို့ပါ။ ဒါပေမဲ့ အင်္ဂလန်မှာ ကစားခွင့်ရရှိဖို့၊ ချယ်လ်ဆီးလိုအသင်း ကိုပြောင်းရွှေ့ခွင့်ရဖို့ဆိုတာ တကယ်ကြီးမားတဲ့ အခွင့်အရေးပါ။ ဒါကြောင့် ဒီအခွင့်အရေးကို ရယူခဲ့တာဖြစ်ပါတယ်။ ကစားသမားကောင်းတစ်ဦးဖြစ်လာဖို့ ကြိုးစားသွားမှာပါ။

ပြီးခဲ့တဲ့ ရာသီကတော့ ကျွန်တော့်အတွက် တကယ်ကို အံ့အားသင့်စရာကောင်းပါတယ်။ အော့စ်ဘတ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ရလို့ ဂုဏ်ယူပါတယ်။ အကြီးအကျယ်ထောက်ခံအားပေးခဲ့တဲ့ ပရိသတ်တွေနဲ့ အကောင်းဆုံးလက်တွဲကစားခဲ့ကြတဲ့ တစ်သင်းလုံးကို ကျေးဇူးတင်ပါတယ်။ သူတို့အနေနဲ့ အောင်မြင်တဲ့ နောက်ထပ်ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်' ဟု ဘာဘာရာမန်က ပြောသည်။

ချယ်လ်ဆီးအသင်းသည် ဘာဘာရာမန်ကို ခေါ်ယူပြီးနောက်တွင် အဲဗာတန်နောက်ခံကစားသမား ဂျွန်စတုန်းကိုလည်း ခေါ်ယူနိုင်ရန် အသည်းအသန်ကြိုးပမ်းလျက်ရှိသည်။ ချယ်လ်ဆီးအသင်း၏ တရားဝင်ကမ်းလှမ်းမှု သုံးကြိမ်ကို အဲဗာတန်အသင်းက ပယ်ချထားသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly