နေမာကို ပင်နယ်တီကန်ဖို့ လျှော့ပေးလိုက်ရတဲ့ ကာဗာနီ

နေမာကို ပင်နယ်တီကန်ဖို့ လျှော့ပေးလိုက်ရတဲ့ ကာဗာနီ

နည်းပြအမ်မရီရဲ့ဆုံးဖြတ်ချက်အရ ပီအက်စ်ဂျီအသင်း ရရှိလာမယ့် ပင်နယ်တီတွေကို နေမာက တာဝန်ယူကန်သွင်းတော့မယ်လို့ ကာဗာနီက ပြောဆိုလိုက်ပါတယ်။

ပီအက်စ်ဂျီအသင်းက နန့်တက်စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ကာဗာနီက အခုလို ပြောလိုက်တာပါ။ အခုလို နေမာကို ပင်နယ်တီကန်ခွင့်ပေးခဲ့လို့ ကာဗာနီကို ပီအက်စ်ဂျီအသင်းက အပိုဆုကြေး ယူရို ၁ သန်းပေးချေမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

“နည်းပြအမ်မရီက ဆုံးဖြတ်ပေးခဲ့တာပါ။ ပီအက်စ်ဂျီအသင်း နောက်ပွဲတွေမှာ ပင်နယ်တီရရင် နေမာက တာဝန်ယူကန်သွင်းပါလိမ့်မယ်”

လိုင်ယွန်အသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်တုန်းက ကာဗာနီနဲ့နေမာတို့ဟာ ပင်နယ်တီကန်သွင်းဖို့ လုကြရင်း အချေအတင်ဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် သတင်းမျိုးစုံထွက်ခဲ့ပြီး ပီအက်စ်ဂျီမှာ နေမာမပျော်တော့ဘူးဆိုတဲ့ သတင်းတွေဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။

အခုအချိန်မှာတော့ နေမာနဲ့ကာဗာနီတို့ ပြန်လည် အဆင်ပြေနေတာကို တွေ့ရပြီး နန့်တက်စ်နဲ့ပွဲမှာ ကာဗာနီဂိုးသွင်းပြီးတဲ့နောက် အတူတကွအောင်ပွဲခံခဲ့ကြပါတယ်။ နန့်တက်စ်နဲ့ပွဲမှာတော့ ကာဗာနီက ၂ ဂိုးသွင်းနိုင်ခဲ့ပေမယ့် နေမာဂိုးသွင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

“တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဂိုးသွင်းပြီး အသင်းကို ကူညီနိုင်တာက ပျော်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့ ဆက်လက်ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly