ပြည်ထောင်စုဝန်ကြီးဌာနအသစ် ၂ ခု ထပ်မံတိုး

ပြည်ထောင်စုဝန်ကြီးဌာနအသစ် ၂ ခု ထပ်မံတိုး
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူဖူးခဲ့သူ ဦးကျော်တင်နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း အားတွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ/MOI

ရန်ကုန် ၊ နိုဝင်ဘာ ၂၀ ။          ။ ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနအသစ် နှစ်ခု တိုးချဲ့ဖွဲ့စည်းရန် ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့တွင် အစိုးရမှ လွှတ်တော်သို့ တင်ပြတောင်းဆိုလိုက်သည်။

တိုးချဲ့ဖွဲ့စည်းမည့် ၀န်ကြီးဌာနများသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးသောင်းထွန်းကို အမည်စာရင်း တင်သွင်းထားပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးကျော်တင် ကို အမည်စာရင်း တင်သွင်းထားသည်။

ဦးသောင်းထွန်းအနေဖြင့် ယခင်က အမျိုးသားလုံခြံုရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားပြီး ရခိုင်ပြည်နယ် အရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး နိုင်ငံတကာသို့ အဓိကထား ရှင်းလင်းပြောကြားထားသည့် လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေသူလဲ ဖြစ်သည်။

ယခုတိုးချဲ့ဖွဲ့စည်းမည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၀န်ကြီး ဖြစ်လာမည့် ဦးကျော်တင်သည် ယခင်က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ ၂ နှစ်ပြည့်ခါနီးအချိန်တွင် ၀န်ကြီးဌာနနှစ်ခု ထပ်မံတိုးချဲ့လိုက်ခြင်းဖြစ်ပြီး တိုးချဲ့လိုက်သည့် ၀န်ကြီးဌာနများ၏ ဆောင်ရွက်တာဝန်ယူရမည့်အပိုင်းများအား အသေးစိတ် မသိရှိရသေးပေ။

ယင်းသို့ ဖွဲ့စည်းလိုက်သည့် ၀န်ကြီးဌာန နှစ်ခုကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂ ပါ ပြဌာန်းချက်များနှင့်အညီ   ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိအချိန်တွင် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၂၂ ခု အထိ ရှိနေပြီး ထပ်တိုး ၂ ခု ထပ်မံပေါင်းစည်း လိုက်ပါက ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၂၄ ခုအထိ ဖြစ်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly