မူဂါဘီ ရာထူးက မဆင်းပေးဟု ကြေညာရာ ပြည်သူများ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ငိုယိုသူများပင် ရှိ

မူဂါဘီ ရာထူးက မဆင်းပေးဟု ကြေညာရာ ပြည်သူများ စိတ်ပျက်လက်ပျက်ဖြစ်ပြီး ငိုယိုသူများပင် ရှိ

 

ဟာရာရီ၊ နိုဝင်ဘာ ၂၀ ။         ။ ဇင်ဘာဘွေသမ္မတ အဖြစ် ဖက်တွယ်နေဆဲဖြစ်သည့် သမ္မတ ရောဘတ်မူဂါဘီသည် စစ်တပ်က အာဏာသိမ်းလျက် ၎င်း၏ အာဏာရှင် ၃၇ နှစ်ကြာ အုပ်ချုပ်မှုအပေါ် ဖိအားများ ပေးထားလင့်ကစား ၎င်းအနေဖြင့် ရာထူးကို ဆက်လက်ရယူထားဆဲဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် အမျိုးသားရုပ်သံမှ တစ်ဆင့် မိန့်ခွန်းပြောကြားရာ အတိအလင်း ကြေညာသွားသည်။

ဟာရာရီမြို့ရှိ ဘားဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် မူဂါဘီ၏ မိန့်ခွန်းပြောကြားမှုကို လူများ စုရုံးကာ စောင့်ကြည့်နားထောင်ခဲ့ကြပြီး အသက် ၉၃ နှစ်ရှိ မူဂါဘီအနေဖြင့် ရာထူးက ဆင်းပေးရလိမ့်မည်ဟု များစွာမျှော်လင့်ထားကြရာ ယခုမိန့်ခွန်းကြောင့် ကြက်သေသေလျက် စိတ်ပျက်လက်ပျက်ဖြစ်ကြပြီး တစ်ချို့မှာ ငိုယိုကြသည်များအထိ ဖြစ်ခဲ့သည်။

“အာဏာရ ZANU-PF ပါတီ ညီလာခံကို သီတင်းပတ်အနည်းငယ်အတွင်း ကျင်းပပါမယ်။ ဒီပါတီညီလာခံမှာ ကျွန်တော်က သဘာပတိမူ ဦးစီးမယ်။”ဟု မူဂါဘီက ဆိုသည်။

မူဂါဘီ၏ မိန့်ခွန်းကြောင့် ဇင်ဘာဘွေ၏ အနာဂတ်သည် မရေမရာမှုများ ပိုမိုကြီးထွားလာစေသည်။ ပြည်သူများအနေဖြင့် သမ္မတ မူဂါဘီ ယခုနှစ် ဒီဇင်ဘာ လလယ်အထိပဲ ရာထူးနေရာမြဲနေမည်ဟု မျှော်လင့်ထားခဲ့ကြခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းခြင်း၊ ပြည်သူ့ဆန္ဒပြပွဲများ ပေါ်ပေါက်ခြင်း၊ တစ်ချိန်က သစ္စာခံ ၎င်း၏ ပါတီကိုယ်တိုင် နုတ်ထွက်ရန် ပြောဆိုထားခြင်းတို့ကြောင့် မူဂါဘီတွင် ရွေးချယ်စရာလမ်းမရှိဘဲ ရာထူးက ဆင်းပေးရတော့မည်ဟုသာ ကျယ်ကျယ်ပြန့်ပြန့် ထင်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း မူဂါဘီသည် စစ်ဝတ်စုံပြည့်ဝတ် ဗိုလ်ချုပ်ကြီိးများ ခြံရံလျက် ပြောကြားခဲ့သည့် ယခုမိန့်ခွန်းတွင် ဖြစ်ပွားနေသော ဝရုန်းသုန်းကားအခြေအနေကို တုန်လှုပ်မှု မရှိသည်ကို တွေ့မြင်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly