ထောက်ပံ့စရိတ်တစ်လ ကျပ်နှစ်သိန်းပေးမည့် အမျိုးသမီးယာဉ်မောင်းသင်တန်း စတင်သင်ကြား

ထောက်ပံ့စရိတ်တစ်လ ကျပ်နှစ်သိန်းပေးမည့် အမျိုးသမီးယာဉ်မောင်းသင်တန်း စတင်သင်ကြား
ဓာတ်ပုံ-ကိုတရုတ်လေး

 

ရန်ကုန်၊ နိုဝင်ဘာလ ၁၉ ။             ။ ထောက်ပံ့စရိတ် ကျပ်နှစ်သိန်းပေးမည့် အမျိုးသမီး ယာဉ်မောင်းသင်တန်းအား လက်ရွေးစင် သင်တန်းသူ ၃၁ ဦးဖြင့် စတင်သင်ကြားပေးနေပြီဖြစ်ကြောင်း YBS အများပိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Power Eleven ကုမ္ပဏီ၊ YBS ၂၁ ယာဉ်လိုင်းမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေး က မဇ္စျိမသို့ ပြောသည်။

အဆိုပါ သင်တန်းအတွက် လျှောက်လွှာများအား စက်တင်ဘာလ ၂၆ ရက် နေ့မှစတင်လက်ခံပေးခဲ့ခြင်းဖြစ်ကာ လျှောက်ထားသူ အမျိုးသမီးဦးရေ ၁၂ဝ ရှိသည့်အနက်  ၃၁ ဦးအား ရွေးချယ်ခဲ့ပြီး နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ တင်ကာ သင်ကြားပေးနေပြီ ဖြစ်ကြောင်း သိရသည်။

“ အခုရွေးချယ်ထားတဲ့ လက်ရွေးစင် ၃၁ ယောက်လုံးကတော့ တကယ့်ကို ဒေါင်ဒေါင်မြည်တွေပဲ။ သွက်သွက် လက်လက် ဖျတ်ဖျတ်လတ်လတ်တွေ။ နောက်ပြီးတော့ လိုင်စင်သက်တမ်း နှစ်နှစ်၊ သုံး နှစ်၊ တချို့လည်း ငါးနှစ် ရှိတဲ့သူတွေလည်းပါတယ်။ ကားလေးတွေ နှစ်နှစ်၊ သုံးနှစ်လောက်မောင်းစားနေတဲ့ သူတွေလည်း ပါတယ်။ ဦးရေ ၁၂ဝ ထဲမှာတော့ လက်ရွေးစင် ၃၁ ဦးကို ပထမအကြိမ်ရွေးထုတ်လိုက်ပြီ။ သူတို့ကို ကျွန်တော်တို့က သုံးလလောက်သင်တန်းပေးပြီးသွားရင် သူတို့လုပ်ငန်းခွင်ထဲမှာ ကောင်းကောင်းကို လုပ်နိုင်ပြီ။ သူတို့က နည်းနည်း မြန်လိမ့်မယ်။ လုပ်ငန်းခွင်ထဲ မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မယ်။ ပြီးတော့မှ နောက်တစ်သုတ် လုံးဝကား မမောင်းတတ်တဲ့သူတွေကို ခေါ်မယ်။ အဲ့ဒီအမျိုးသမီးတွေကို ထပ်သင်ပေးဦးမယ်”ဟု ကိုတရုတ်လေးက ပြောသည်။

ယခုဖွင့်လှစ်ထားသည့် အမျိုးသမီး ယာဉ်မောင်းသင်တန်းကာလမှာ ၃ လကြာမြင့်မည်ဖြစ်ပြီး ကိုတရုတ်လေး အပါအဝင် ကျွမ်းကျင်ယာဉ်မောင်း ဆရာတစ်ဦး၊ အမျိုးသမီးယာဉ်မောင်းဆရာမ နှစ်ဦး၊ စုစုပေါင်း ယာဉ်မောင်းသင် တန်းဆရာ ၄ ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်သည်။

ထို သင်တန်းသူ အမျိုးသမီးများကို  ကားကြီးများအား ငြိမ့်ညောင်းစွာ မောင်းနှင်နိုင်ရန်၊ ခရီးသည်များအား ယဉ်ကျေးစွာ ပြောဆိုတတ်စေရန်၊ ကားစက်ပစ္စည်းအစိတ်အပိုင်းများအား ကျွမ်းကျင်စွာ အသုံးချတတ်စေရန်နှင့် ဌာနတစ်ခုနှင့် တစ်ခု ချိတ်ဆက်ဆောင်ရွက်နိုင်ရန်စသည့် အချက် ၄ ချက်ကို အဓိက သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ခေါ်ယူထားသော ယာဉ်မောင်းသင်တန်းသူများအား စာချုပ်ချုပ်ဆို ခေါ်ယူထားခြင်းဖြစ်ပြီး ခေါ်ယူထားသည့် သင်တန်းသူများထဲတွင် နယ်မှလာတက်ရောက်သူများလည်း ပါဝင်သည့်အတွက် တစ်လလျှင် ထောက်ပံ့ကြေးကျပ် ၂ သိန်းပေးမည့်အပြင် နေထိုင်ရန် အဆောင်များလည်း စီစဉ်ပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly