ရခိုင်အရေးကိစ္စအား မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဖြေရှင်းရန်သာ တရုတ်လိုလား

ရခိုင်အရေးကိစ္စအား မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဖြေရှင်းရန်သာ တရုတ်လိုလား
ဓာတ်ပုံ-EPA

ဒါကာ ။            ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရီက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အနေဖြင့် ရခိုင်ပြည်နယ်မှ ဘင်္ဂါလီအရေး ကိစ္စကို နိုင်ငံတကာမှ ပါ၀င်ဖြေရှင်းခြင်းထက်   နှစ်ဘက်အပြန်အလှန်စေ့စပ်ညှိုနှိုင်းပြီး ဖြေရှင်းကြဖို့ စနေနေ့က တိုက်တွန်းပြောဆိုခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခြေအနေတွေကို ရှုပ်ထွေးသွားအောင်မလုပ်သင့်ပါဘူး” ဟုလည်း ၀မ်ရီ က ဒါကာမြို့ရှိ တရုတ်သံရုံး၌ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

“ကုလသမဂ္ဂလုံခြံုရေးကောင်စီထဲက လုပ်ဆောင်ချက်တွေဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဦးနှစ်ဖက်ပူးပေါင်းပြီး ပြသနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့အတွက် အကူအညီပေးတာမျိုးပဲဖြစ်ရပါမယ်” ဟု သူက သတင်းထောက်များကို ပြောခဲ့သည်။

၀မ်ရီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်ရက်တာခရီးစဉ်ဖြင့် စနေနေ့ကရောက်ရှိလာခဲ့ပြီး ထိုမှတဆင့် အာရှ-ဥရောပ အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

“မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့အနေနဲ့ အရေးကိစ္စတွေအားလုံးကို ငြိမ်းချမ်းစွာနဲ့ နှစ်ဦးနှစ်ဖက် အပြန်လှန်ဆွေးနွေး ညှိုနှိုင်းပြီးဖြေရှင်းကြဖို့ တရုတ်နိုင်ငံကထောက်ခံပါတယ်” ဟု သူက ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်၌ ARSAအဖွဲ့နှင့် အပေါင်းအပါများက အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ ဘင်္ဂါလီ ၄ သိန်းကျော်ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်ဟု ကုလသမ္မဂ က ဖော်ပြထားသည်။

“ဒီကိစ္စဟာ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုဖြစ်ပြီးတော့ ပြည့်စုံကျယ်ပြန့်တဲ့ ဖြေရှင်းချက်မျိုးကို လိုအပ်ပါတယ်။ ရခိုင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့လည်း လိုအပ်ပါတယ်။ တရုတ်နိုင်ငံကတော့ ကူညီဖို့အသင့်ပါပဲ” ဟု ၀မ်ရီက ပြောခဲ့သည်။

၀မ်ရီသည် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟတ်ဆီနာနှင့်အတူ ဒါကာမြို့၌တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် ယခုဖြစ်ပွားနေသည့် အရေးကိစ္စများကိုဖြေရှင်းရာ၌ ကူညီမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

“ယခုအရေးကိစ္စကို ခိုင်မြဲစွာဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ သူတို့နိုင်ငံသားတွေကို ဘေးကင်းစွာ၊ လုံခြံုစွာနဲ့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ခေါ်ဆောင်ရပါလိမ့်မယ်” ဟု ၀န်ကြီးချုပ်ဟတ်စီနာ၏ ပြောဆိုချက်ကို ကိုးကား၍ သူမ၏အတွင်းရေးမှူးဖြစ်သော အီဆာနူလ်ကာရမ်က ပြောဆိုခဲ့သည်။

“ကျမတို့အနေနဲ့လည်း မည်သည့်အကြမ်းဖက်အုပ်စုကိုမှ ဘင်္ဂလားဒေ့ရှ်နယ်မြေကိုအသုံးချပြီး အိမ်နီးချင်းနိုင်ငံ တွေမှာ ထကြွသောင်းကျန်းဖို့လုပ်ဆောင်နေတာကို ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ဟတ်စီနာက ဖြည့်စွက်ပြောဆိုခဲ့ ကြောင်း ကာရမ်က ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟတ်ဆန်မာမွတ်အလီက ၀မ်ရီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် များပြားလှသောဒုက္ခသည်များ၏ ၀န်ထုပ်ဝန်ပိုးကို တာဝန်ယူနိုင်စွမ်းမရှိသောကြောင့် နိုင်ငံတကာ၏ဖြေရှင်းမှုနှင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်ဖြေရှင်းမှုတို့ နှစ်ခုစလုံးကိုအသုံးချကာ ဖြေရှင်းဖို့ကြိုးပမ်းနေကြောင်း ပြောခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်ထဲ၌ အိုးအိမ်စွန့်ခွာထွက်ပြေးလာသော မြန်မာနိုင်ငံသားများအရေးကိစ္စ မြင့်တက်လာချိန်တွင် ၀မ်ရီက တရုတ်နိုင်ငံအနေဖြင့် ထိုကိစ္စကိုဖြေရှင်းဖို့ အကူ အညီပေးမည်ဖြစ်ပြီး မည်သည့်ဘက်ကမှ ဘက်လိုက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ဖော်ပြထားသည်။

၀မ်ရီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များ စုပြံုဝင်ရောက်လာသည့် စိတ်မချမ်းသာစရာ ကိစ္စနှင့် ရင်ဆိုင်ကြံုတွေ့နေရသည်ကို နားလည်သဘောပေါက်ထားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

အမေရိကန်အထက်လွှတ်တော်အမတ် ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း ဘင်္ဂါလီအရေးကိစ္စကို လေ့လာနိုင်ရန် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနေနေ့က ရောက်ရှိလာခဲ့သည်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ဝေါစတရောင်းမ်၊ ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာကိုယ်စားလှယ်နှင့် လုံခြံုရေး ပေါ်လစီအရာရှိ ဖက်ဒရစ်ကာမော့်ဂ်ဟာရီနီ၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဆစ်ဂ်မာဂါဘရီရယ်လ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနာတို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခုအပတ်တွင် ရောက်ရှိလာမည်ဖြစ် သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ခိုက်မှုဖြစ်စဉ် ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦးကျဆုံး၍ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သူ ၃၇၁ ဦး အသေ ရရှိကာ ၃၈ ဦးဖမ်းဆီးရမိခဲ့ကြောင်း၊အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုကြောင့် ဒေသခံ တိုင်းရင်းသား ၁၄ ဦး၊ ဟိန္ဒူဘာသာဝင် ဘင်္ဂါလီ ရ ဦး၊ အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ ရဦး စုစုပေါင်း ၂၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံ တိုင်းရင်းသား ၄ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ နောက်ဆက်တွဲ သတင်း ဖော်ထုတ်ချက်များအရ အကြမ်းဖက် သမားများက မောင်တော မြို့နယ် ရဲဘောက်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင် ၉၀ကျော်အား အဓမ္မဖမ်းဆီး ခေါ်ဆောင်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်းသိရှိရပြီး စက်တင်ဘာလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ဘော်တလာ ကျေးရွာ အနီး၌ သတ်ဖြတ်ခြင်းခံရသည့် ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၄၅ လောင်းအား တူးဖော်ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly