မြန်မာနှင့် အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်ရန်စီစဉ်

မြန်မာနှင့် အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်ရန်စီစဉ်
၂၀၁၂ခုနှစ် သြဂုတ်လအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့စဉ်။ ဓာတ်ပုံ-defence.pk

ဒေလီ နိုဝင်ဘာ ၁၉ ။             ။ အိန္ဒိယနှင့်မြန်မာနိုင်ငံတို့သည် ပထမဦးဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မက်ဂ်ဟာလာယာ ပြည်နယ်၌ ပူးတွဲစစ်ရေးလေ့ကျင့်ရန် စီစဉ်နေကြောင်း အိန္ဒိယစစ်တပ်မှ တာဝန်ရှိသူများက စနေနေ့တွင်ပြောခဲ့သည်။

ငါးရက်တာကြာမြင့်မည့် ထိုစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၂၀ရက်နေ့တွင် မက်ဂ်ဟာလာယာပြည်နယ်၏ မြို့တော်ဖြစ်သော ရှီလောင်မြို့မှ ၂၅ ကီလိုမီတာခန့်ကွာဝေးသောအရပ်ရှိ Umroi နယ်မြေပူးတွဲ လေ့ကျင့်ရေးသင်တန်းစခန်း၌ စတင်ပြုလုပ်သွားမည်ဖြစ်သည်။

"IMBAX-2017" ဟုအမည်ပေးထားသော ထိုစစ်ရေးလေ့ကျင့်မှုသည် အိန္ဒိယမြေပေါ်၌ နှစ်နိုင်ငံကြား ပထမဦး ဆုံးအကြိမ်အဖြစ် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးစစ်ဆင်ရေး ခေါင်းစဉ်အောက်၌ ပူးတွဲစစ်ရေးလေ့ကျင့် ခြင်းဖြစ်သည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဆူနက်နယူတန်က ပြောသည်။

မြန်မာစစ်တပ်မှ အရာရှိ ၁၅ဦးနှင့် အိန္ဒိယစစ်တပ်မှ အရာရှိ ၁၆ ဦးတို့သည် ၆ ရက်တာခန့် ပူးပေါင်း၍လေ့ကျင့် မည်ဖြစ်ကြောင်း သူက ဆက်ပြော သည်။

ပူးတွဲစစ်ရေးလေ့ကျင့်ရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာစစ်တပ်မှကိုယ်စားလှယ်များအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးစစ်ဆင်ရေး (UNPKO)၌ ပါ၀င်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း နယူတန်က ပြောခဲ့သည်။

“အိန္ဒိယစစ်တပ်ဟာ IMBAX-2017 စစ်ရေးလေ့ကျင့်မှုတုန်းက UNPKO အတွက် တာဝန်ထမ်းဆောင်ခဲ့ပေးဖူးတဲ့ ကြွယ်ဝတဲ့အတွေ့အကြံုတွေရှိပါတယ်။ အဓိကအလေးထားပြီးလုပ်ဆောင်မှာက UNPKO အတွက် အဖွဲ့ဝင်နိုင်ငံ အဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ ကိုယ်စားပြုတပ်ဖွဲ့အနေနဲ့လိုအပ်တဲ့ နည်းဗျူဟာတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ နည်းပညာတွေနဲ့ ကျွမ်းကျင်မှုတွေကို မြန်မာစစ်တပ်ကိုယ်စားပြုအရာရှိတွေကို လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါ တယ်” ဟု ထိုပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့သည် ပြီးခဲ့သောနို၀င်ဘာလ ၁၁ ရက်နေ့က Umroi ပူးတွဲလေ့ကျင့်ရေးသင် တန်း၌ SAMPRITI ဟုအမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly