ရာထူးမှနှုတ်ထွက်သွားသော ၀န်ကြီးချုပ်ဟာရီရီက လက်ဘနွန်နိုင်ငံသို့ပြန်လာမည်ဟုကြေညာ

ရာထူးမှနှုတ်ထွက်သွားသော ၀န်ကြီးချုပ်ဟာရီရီက လက်ဘနွန်နိုင်ငံသို့ပြန်လာမည်ဟုကြေညာ

ပဲရစ်၊ ပြင်သစ်၊ နို၀င်ဘာ ၁၉ ။             ။ ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ရှိစဉ်၌ ရာထူးမှနှုတ်ထွက်မည်ဟု ရုတ်ရက်ကြေညာခဲ့သော လက်ဘနွန်ဝန်ကြီး ချုပ်ဆာ့ဒ်ဟာရီရီက သူသည်လာမည့်ဗုဒ္ဓဟူးနေ့တွင် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပမည့် လက်ဘနွန်နိုင်ငံ သို့ပြန်လာပြီး သူ၏အခြေအနေများကို ရှင်းပြသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

နိုင်ငံရေးအကြပ်အတည်းကို ကြားဝင်ဖြေရှင်းပေးနိုင်ရန်ကြိုးပမ်းနေသည့် ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်နှင့် ပဲရစ်မြို့၌စနေနေ့က တွေ့ဆုံဆွေးနွေးအပြီးတွင် ဟာရီရီက ဘေရွတ်သို့ပြန်ရောက်ချိန်၌ သူ၏ ရပ်တည်ချက်အခြေအနေနှင့် ပတ်သက်၍ အားလုံးကိုအသိပေးသွားမည်ဟု ပြောခဲ့သည်။

“ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျနော်နှုတ်ထွက်လိုက်ပါပြီ။ အဲ့ဒီ့ကိစ္စကို လက်ဘနွန်ပြန်ရောက်ရင် ဆွေးနွေးပါမယ်” ဟု သတင်းထောက်များကိုပြောခဲ့ပြီး နောက်ထပ်ခြေလှမ်းများမလှမ်းမီတွင် သမ္မတမိုက်ကယ်အေယွန်နှင့် တွေ့ဆုံဆွေးနွေးသွားဖို့လိုအပ်ကြောင်း ပြောခဲ့သည်။

ဟာရီရီသည် ပြီးခဲ့သောနို၀င်ဘာလ ၄ ရက်နေ့က သူသည်ရာထူးမှနှုတ်ထွက်တော့မည်ဟု ရုတ်တရက်ကြေညာ ခဲ့သည်။ ထို့နောက်သူသည် လက်ဘနွန်နိုင်ငံသို့ ပြန်လာခြင်းမရှိသည့်အတွက် ဆော်ဒီနိုင်ငံ ရီယက်ဒ်မြို့၌ အဖမ်းခံထားရသည်ဟု သတင်းများထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်းတွင် ထိုသတင်းကို သူက ငြင်းဆန်ခဲ့သည်။

“ကျနော် ဆော်ဒီအာရေဗျမှာ ထိန်းသိမ်းခံထားရပြီး နိုင်ငံအတွင်းက ထွက်ခွာခွင့်မရဘူးဆိုတဲ့သတင်းတွေက အလိမ်အညာတွေပါ” ဟု သူက ပဲရစ်မြို့သို့မသွားမီတွင် တွစ်တာမှတဆင့် ပြောကြားခဲ့သည်။

ဟာရီရီသည် နိုင်ငံရပ်ခြား၌ရှိနေသောကြောင့် ရာထူးမှနှုတ်ထွက်မည်ဟု ရုတ်ရက်ကြေညာခဲ့သည့် သူ၏ ဆုံးဖြတ်ချက်ကို လက်ဘနွန်သမ္မတအေယွန်က ပယ်ချထားခဲ့သလို လက်ဘနွန်နိုင်ငံ၏ နုနယ်သောဒီမိုကရေစီ နှင့် ပတ်သက်၍လည်း အများက စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ဆော်ဒီနိုင်ငံသားအဖြစ် နှစ်နိုင်ငံသားခံယူထားသော ဟာရီရီက သူသည် သူ၏အသက်အန္တရာယ်ကို စိုးရိမ်သော ကြောင့် ရာထူးမှနှုတ်ထွက်မည်ဟု ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ဆော်ဒီအာရေဗျ၏ မဟာပြိုင်ဘက်ဖြစ်သော အီရန်တို့နှင့် ၄င်း၏ အင်အားကြီးမားသောမဟာမိတ်ဖြစ်ပြီး နိုင်ငံကို မတည်ငြိမ်အောင် လုပ်ဆောင်နေကြသော လက်ဘနွန်နိုင်ငံမှ ဟစ်ဇ်ဘိုလာတို့၏ ရန်ကို ကြောက်ရသောကြောင့် ယခုလိုဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ဟာရီရီက ပြောဆိုခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly