ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ၃ လသက်တမ်းတိုး

ကိုးကန့်ဒေသ စစ်အုပ်ချုပ်ရေး ၃ လသက်တမ်းတိုး

သြဂုတ် ၁၉ ။      ။ ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကိုးကန့်လက်နက်ကိုင် အဖွဲ့၏တိုက်ခိုက်မှုများ ကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး ယင်းအမိန့်သည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ တွင်သက်တမ်းကုန်သွားသဖြင့် နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ထပ်မံသက်တမ်းတိုးလိုက်သည်ဟု နိုင်ငံပိုင်သတင်းစာများတွင်ကြေညာသည်။

တိုက်ပွဲများဖြစ်ပွားပြီး ၆ လကျော်ကြာသည့်တိုင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့သည် မူလအခြေအနေသို့ ပြန်လည် မရောက်သေးသဖြင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။

မူလအခြေအနေသို့ပြန်ရောက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေး အမိန့်ကိုဆက်လက်တည်စေပြီး တာဝန်နှင့်လုပ်ပိုင်ခွင့်များကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အားဆက်လက်အပ်နှင်းခဲ့သည်။

တပ်မတော်ဦးစီးချုပ်က သင့်လျော်သည့် စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေ ခြင်းလည်း ပြုလုပ်နိုင်သည်။

ဖွဲ့စည်းပုံပါ ပုဒ်မ ၄၁၃ (ခ) အရ သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်နိုင်ပြီး ယင်းအမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးလုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly