၂၀၁၆ လိဂ်-၁ သို့ တန်းတက်လာသောဆောက်သမ်း အသင်းနိုင်ငံခြား ကစားသမားဖြည့်တင်းမည်

၂၀၁၆ လိဂ်-၁ သို့ တန်းတက်လာသောဆောက်သမ်း အသင်းနိုင်ငံခြား ကစားသမားဖြည့်တင်းမည်
၂၀၁၅ လိဂ်-၂ အမှတ်ပေးပြိုင်ပွဲတွင် ပထမနှင့် ဒုတိယရရှိရန် ရေပန်းစားနေသော ဆောက်သမ်းနှင့် GFA တို့ ယှဉ်ပြိုင်ကစားစဉ်။ ဓာတ်ပုံ - သောကြာ

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ၊ ပွဲစဉ် မကုန်မီ၌ပင် ၂၀၁၆ နေရှင် နယ်လိဂ်-၁ ဘောလုံးပြိုင်ပွဲသို့ တန်းတက်ကစားခွင့် ရရှိလာသော ဆောက်သမ်းအသင်းသည် နိုင်ငံခြား ကစားသမားသစ်များ ဖြည့်တင်းရန် ကြိုးစားသွားမည်ဟု အသင်းအမှုဆောင် အရာရှိချုပ် ဦးအောင်သူမြင့်က မဇ္ဈိမကို ပြောသည်။

ဆောက်သမ်းအသင်းသည် ၂၀၁၅ လိဂ်-၂ အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် လက်ကျန်ပွဲစဉ် သုံးပွဲကစားရန် ကျန်ရှိနေသေးပြီး ကျန်ရှိနေသော လက်ကျန်သုံးပွဲမှာ မောရဝတီ၊ ဒဂုံအက်ဖ်စီနှင့် ဖုန်ဂန်အက်ဖ်စီ အသင်းတို့နှင့် ကစားရမည် ဖြစ်သည်။

လက်ရှိ အချိန်တွင် ဆောက်သမ်းအသင်းသည် လိဂ်-၂ ပွဲစဉ် ၁၅ ပွဲကစားထားပြီး ၁၃ ပွဲနိုင်၊ နှစ်ပွဲသရေ ရှုံးပွဲမရှိ ရမှတ် ၄၁ မှတ် ရရှိထားသည်။ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲသို့ တန်းတက်ကစား ခွင့်ရရန် သေချာနေသည့် ဆောက်သမ်းအသင်းသည် လိဂ်-၁ အတွက် နိုင်ငံခြား ကစားသမားသစ်များ ခေါ်ယူဖြည့်တင်းမည် ဖြစ်သကဲ့သို့ မော်လမြိုင်မြို့ရှိ၊ မော်လမြိုင်ဘောလုံးကွင်း ကိုလည်း အိမ်ကွင်း အဖြစ် လက်ခံအသုံးပြုသွားရန် ရှိနေသည်။

'အသင်းပိုင်ရှင်ကို တင်ပြဖို့ လုပ်ထား ပါတယ်။ သူ့အနေနဲ့လဲ ခွင့်ပြုမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လာမယ့်နှစ်ကျရင် အပေါ်မှာ ကစားမှာ ဖြစ်တဲ့အတွက် မြန်မာကစားသမားတွေနဲ့ပဲ ကစားမယ် ဆိုရင် တော်တော်လေးကို ရုန်းကန် ရပါမယ်။ အဲဒီအတွက် နိုင်ငံခြားကစားသမား ဖြည့်တင်းမှုနဲ့ အိမ်ကွင်း လက်ခံကျင်းပဖို့ ပြင်ဆင်ထားပါ တယ်'ဟု အသင်းအမှုဆောင် အရာရှိချုပ် ဦးအောင်သူမြင့်က မဇ္ဈိမကို ပြောသည်။

ဆောက်သမ်းအသင်းသည် ပြီးခဲ့သည့် ၂၀၁၄ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံး ပြိုင်ပွဲအပြီးတွင် လိဂ်-၂ သို့ တန်းဆင်းသွားခဲ့ရသည်။ လက်ရှိအချိန်တွင် ၂၀၁၅ လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ၌ ချန်ပီယံဖြစ်ရန် ၉၀ ရာခိုင်နှုန်းခန့် သေချာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly