ဒီဇင်ဘာလဆန်းပိုင်းတွင် မောင်တောခရိုင်ရှိကျောင်းအားလုံး ပြန်ဖွင့်နိုင်ရန် မျှော်လင့်

ဒီဇင်ဘာလဆန်းပိုင်းတွင် မောင်တောခရိုင်ရှိကျောင်းအားလုံး ပြန်ဖွင့်နိုင်ရန် မျှော်လင့်

 

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ။             ။ အကြမ်းဖက်ဖြစ်စဉ်ကြောင့်ပိတ်ထားခဲ့ရသည့် မောင်တောခရိုင်ထဲရှိ ကျောင်းအားလုံးကို လာမည့် ဒီဇင်ဘာလ ဆန်းပိုင်းတွင် ပြန်ဖွင့်နိုင်ရန်မျှော်လင့်ထားကြောင်း   မောင်တောခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က မဇ္စျိမသို့ ပြောသည်။

မောင်တောခရိုင်ထဲတွင် ကျောင်းပေါင်း ၄၀၀ ကျော်ရှိသည့်အနက် ရွာသားများနှင့် ကျောင်းသားများရှိသည့် နေရာအားလုံးတွင်ဖွင့်လှစ်နိုင်ရန်မျှော်လင့်ထားခြင်းလည်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

“ နိုဝင်ဘာလကုန်လို့ ဒီဇင်ဘာလဆန်းတယ်ဆိုရင်ဖြင့် ကျောင်းပေါင်း ၃၀၀ လောက် နီးပါးလောက် ဖွင့်နိုင်မယ် ပေါ့။ ကျန်တဲ့ကျောင်းတွေကတော့ ရွာမရှိတဲ့အတွက် မဖွင့်နိုင်သေးဘူး ” ဟု ဦးအုန်းမြင့်က ပြောသည်။

လက်ရှိအချိန်တွင် ကျောင်းပေါင်း ၂၀၀ ခန့် ပြန်လည်ဖွင့်လှစ်ထားနိုင်ပြီး ရခိုင်တိုင်းရင်းသားများအပါအဝင် ဘင်္ဂလီများ နေထိုင်သည့် ရွာများတွင်လည်းဖွင့်လှစ်ထားကြောင်း   မောင်တောခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ဒီဇင်ဘာလဆန်းတွင် ကျောင်းအားလုံးပြန်ဖွင့် နိုင်ရန်မျှော်လင့်သည်ဟုဆိုသော်လည်း ဘင်္ဂလီအများစု နေထိုင်သည့် ရွာတချို့တွင်မှု ပြန်ဖွင့်နိုင်ခြေမရှိသေးပေ။

“ ကျောင်း ၁၀၀ ၀န်းကျင်လောက်ကလေ။ ဘူးသီးတောင်မှာလည်း ရှိတယ်။ မောင်တောမှာလည်း ရှိတယ်။ မီးလောင်တဲ့ရွာတွေမှာ ရွာသားလည်းမရှိဘူး၊ ကျောင်းသားလည်းမရှိဘူးဆိုတော့ မဖွင့်နိုင်ဘူးဖြစ်နေတယ် ”  ဟု မောင်တောခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၈ ရက်အထိ ရခိုင်ပြည်နယ်အစိုးရမှနေ၍ မောင်တောတွင် ၁၈၃ ကျောင်းအနက် ၅၅ ကျောင်း၊ ဘူးသီးတောင်တွင်၂၂၁ ကျောင်းအနက် ရ၅ ကျောင်း၊ ရသေ့တောင်မြို့နယ် တွင် ၂၀ အနက် ၁၀ ကျောင်းကို လည်းကောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၅ ရက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် များကြောင့် မောင်တောဒေသအတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း နှင့် အခြေခံပညာ မူလတန်းကျောင်း စုစုပေါင်း ၄၂၄ ကျောင်းကို ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

အဆိုပါကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားဦးရေ ခန့်မှန်းခြေ တစ်သိန်းခွဲခန့် ရှိနေကြာင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly