နေပြည်တော်သပြေကုန်းအဝိုင်းပေါ်တွင် နိုင်ငံ့ကိုယ်စားပြု ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည်

နေပြည်တော်သပြေကုန်းအဝိုင်းပေါ်တွင် နိုင်ငံ့ကိုယ်စားပြု ဗိုလ်ချုပ်ကြေးရုပ် ထားရှိမည်
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမည့် သပြေကုန်းအဝိုင်းအား နိုဝင်ဘာ ၁၇ရက်က အပေါ်စီးမှ မြင်တွေ့ရစဉ်(ဓာတ်ပုံ- အီးပီအေ)

နေပြည်တော်(နိုဝင်ဘာ ၁၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ အစိုးရရုံးစိုက်ရာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ သပြေကုန်းအဝိုင်းပေါ်တွင် တစ်နိုင်ငံလုံးကို ကိုယ်စားပြုကာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေသည့် ကြေးရုပ်တု ထားရှိသွားမည်ဟု ရုပ်တုဖြစ်မြောက်ရေးကေ်မတီမှ တာဝန်ရှိသူများက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

ရာဇသင်္ဂဟလမ်းနှင့် ပျဉ်းမနား-တောင်ညိုလမ်းဆုံရာ သပြေကုန်းအဝိုင်းပေါ်တွင် ဗိုလ်ချုပ်ကြေးရုပ် ထားရှိရေးအတွက် နေပြည်တော်ရှိ NLD လွှတ်တော်အမတ်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဦးမင်းသူတို့ ဦးဆောင်ကာ ကော်မတီများဖွဲ့စည်းထားပြီးဖြစ်ပြီး လက်ရှိတွင် စတင်အကောင်အထည်ဖော်ရန် စီစဉ်နေပြီဖြစ်သည်။

“ကြေးရုပ်အတွက်ကိုက သိန်းတစ်ထောင်ဝန်းကျင်လောက် ကုန်မှာဗျ။ အောက်ခံတို့၊ အုတ်ခုံတို့ နောက် Decoration ပစ္စည်းတို့ကောဆိုရင် ခန့်မှန်းခြေပေါ့။ သိန်း ၁၅၀၀လောက် ကုန်မယ်” ဟု ကော်မတီ၏ သတင်းနှင့်ပြန်ကြားရေးကော်မတီတာဝန်ခံဖြစ်သူ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးရည်မွန်(ခ)မောင်တင်သစ်က ပြောသည်။

အနည်းဆုံး အမြင့် ၁၈ပေခန့်နှင့် ခန့်မှန်းခြေ ကြေးပိဿာချိန် ၂၀၀၀ဖြင့် သွန်းလုပ်မည့် ဗိုလ်ချုပ်ကြေးရုပ်ကို သပြေကုန်းအဝိုင်းပေါ်တွင် ထားရှိရန် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင်က နေရာချပေးခဲ့ခြင်းဖြစ်သည်။

“နို်င်ငံတကာတွေလည်း ဝင်ထွက်သွားလာတယ်။ မြို့တော်အဆင့်လည်း ဖြစ်တဲ့အတွက် ခမ်းနားထည်ဝါစွာ ဆောင်ရွက်နိုင်အောင် ဗိုလ်ချုပ်ရဲ့ မြင်းစီးကြေးရုပ်ကို သတ်မှတ်လိုက်ပါတယ်” ဟု ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌဖြစ်သူ ဦးမင်းသူက ရှင်းပြသည်။

လက်ရှိတွင်မူ ကုန်ကျစရိတ်အတွက် အလှူငွေတစ်ချို့ ရရှိထားပြီးဖြစ်ကာ ဆက်လက်ပြီး Bank Account ဖွင့်ပြီး အလှူခံခြင်း၊ အလှူခံဖြတ်ပိုင်းများဖြင့် အလှူခံခြင်းနှင့် ပုဂ္ဂလိက ရုပ်သံလိုင်းမှတစ်ဆင့် ကြေငြာပြီး အလှူခံခြင်း စသဖြင့် ဘဏ္ဍာငွေ ရှာဖွေသွားမည်ဟု ကြေးရုပ်ဖြစ်မြောက်ရေးအတွက် ဘဏ္ဍာငွေရှာဖွေရေးကော်မတီ တာဝန်ခံဖြစ်သူ မန္တလေးတိုင်း၊ မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်ဆွေက ပြောသည်။

“လှူချင်တဲ့ အလှူရှင်တွေကလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အများပြည်သူ ပါဝင်နိုင်အောင်ဆိုပြီးတော့ မြို့နယ်တိုင်းမှာ အလှူခံမယ်။ ဘာလို့လည်းဆိုတောာ့ ဗိုလ်ချုပ်ဆိုတာ တစ်စုံတစ်ဦးတည်း မဟုတ်ဘူးလေ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင်မူ တည်ဆောင်ရေးလုပ်ငန်းအတွက် ပညာရှင်များက မြေတိုင်းတာခြင်းနှင့် တွက်ချက်ခြင်းများ စတင်လုပ်ဆောင်ပြီဖြစ်သည်။

“ဒီဗိုလ်ချုပ်ကြေးရုပ်က တစ်နိုင်ငံလုံး ပြယုဂ်အနေနဲ့ လုပ်ရမှာဆိုတဲ့အခါကျတော့ (ပြီးစီးမယ့်)အချိန်အတိုင်းအတာကတော့ Time Limit ကတော့ ပြောလို့တော့ မရသေးဘူးဗျ” ဟု ဦးမောင်မောင်ဆွေက ဆက်လက် ပြောကြားသည်။

ပြည်ထောင်စုနယ်မြေဟု အစိုးရက သတ်မှတ်ထားသည့် နေပြည်တော်တွင် မြို့နယ်ပေါင်း (၈)မြို့နယ်၊ လူဦးရေအားဖြင့် ၁၀သိန်းကျော် နေထိုင်လျက်ရှိပြီး လက်ရှိတွင် ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်မြို့တို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရှိထားပြီးဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly