၂၀၁၆ လူငယ်လိဂ် ပြိုင်ပွဲတွင် အသက် တစ်နှစ်စီလျှော့ ၍ပြောင်းလဲ ကျင်းပမည်

၂၀၁၆ လူငယ်လိဂ် ပြိုင်ပွဲတွင် အသက် တစ်နှစ်စီလျှော့ ၍ပြောင်းလဲ ကျင်းပမည်
၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အသက် ၁၉ နှစ်အောက် ချန်ပီယံ မြဝတီအသင်းအား တွေ့ရစဉ်။ ဓာတ်ပုံ-ရွှေဘုတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့်  မြန်မာနေရှင်နယ်လိဂ်-၁ နှင့် လိဂ်-၂ လူငယ်အသင်းပြိုင်ပွဲများကို ၂၀၁၆ တွင် အသက်တစ်နှစ်စီ လျှော့၍ ပြောင်းလဲကျင်းပရန် စီစဉ်ထားသည် ဟုမြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။

မြန်မာနေရှင်နယ်လိဂ် လူငယ်အသင်းပြိုင်ပွဲများကို ၂၀၁၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး မူလက လိဂ်-၁ တွင် အသက် ၂၀ အောက်၊ လိဂ်-၂ တွင် အသက် ၁၈ နှစ်အောက် အဖြစ် ကျင်းပခဲ့သည်။

၂၀၁၅ ဘောလုံးရာသီတွင်မူ အသက်တစ်နှစ်စီ တိုးကာ လိဂ်-၁ ၌ အသက် ၂၁ နှစ်အောက်နှင့် လိဂ်-၂ ၌ အသက် ၁၉ နှစ်အောက် ပြိုင်ပွဲများအဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်း ဖြစ်သည်။

“ လာမယ့် ၂၀၁၆ မှာ အသက် တစ်နှစ်စီ ပြန်လျှော့ချသွားမှာပါ။ အခု အသက် ၂၁ အောက်ကို ၂၀ နှစ်အောက်၊ အသက် ၁၉ နှစ်အောက်ကို ၁၈ အောက် ပြန်လျှော့ဖို့ စီစဉ်ထားပါတယ်။ ဒါမှလည်း ဒီနှစ် ၂၁ အောက် ကလေးတွေက စီနီယာအသင်းကို တက်မယ်။ ဒီနှစ် ၁၉ နှစ်အောက် ကလေးတွေ က ၂၀ အောက်အသင်းကို တက်မယ်။ နောက်လာမည့် ၁၈ နှစ်အောက်အတွက်လည်း နောက်ထပ် မျိုးဆက်သစ်ကစားသမားလေးတွေ ပေါ်လာမှာပါ။ ကစားသမားရှာဖို့ အခက်အခဲကြုံတာမျိုးတော့ ရှိနိုင်ပါတယ်။ အသင်းတွေနဲ့ အစည်းအဝေး တိုင်ပင်ပြီးမှ သေချာ ဆုံးဖြတ်သွားမှာပါ ” ဟု ဦးစိုးမိုးကျော် ကပြောသည်။

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ အသက် ၁၉ နှစ်အောက် လူငယ်အသင်းပြိုင်ပွဲတွင် မြဝတီ အသင်းက ရမှတ် ၃၆ မှတ်ဖြင့် ဗိုလ်စွဲနိုင်ခဲ့ပြီး လိဂ်-၁ အသက် ၂၁ နှစ်အောက် လူငယ်အသင်းပြိုင်ပွဲ တွင်မူ ပွဲစဉ် ၁၈ အပြီး၌ ရန်ကုန်အသင်းက ရမှတ် ၄၂ မှတ် ဒုတိယနေရာမှ ရတနာပုံအသင်းကို ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly